NUG ပြည်သူကို ပေးတဲ့ကတိ ဒီတစ်ခါ ဖြစ်လာနိုင်မလား

Author မောင်ဒဂုံ
Categories
Published on Oct 16, 2022

NUG က တော်လှန်ရေးကို တစ်နှစ်အတွင်း အဆုံးသတ်မယ်ဆိုပြီး ကြွေးကြော် လာခဲ့ပြန်ပါတယ်။ ဒါက စိတ်ခွန်အား ရစေဖို့ ပြောတာသက်သက်လား၊ အမှန်တကယ်ပဲ NUG လက်ထဲမှာ အောင်ပွဲအတွက် ဝှက်ဖဲကို တကယ်ပဲ ကိုင်ထားနိုင်နေပြီလား……..။

မေးခွန်းတွေကတော့ အများကြီးပါပဲ။ NUG မှာ ပါဝင်နေတဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ တော်လှန်ရေးကာလအတွင်း အချို့သော ပြောစကားတွေ များစွာကလည်း သူတို့ကို ယုံကြည်နေတဲ့ ပြည်သူတွေ ကြားမှာကို ဟာဒယ ရွှင်ဆေး တစ်ခုသဖွယ် ဖြစ်ခဲ့တာမို့လည်း ခက်နေကြရပါတယ်။

ဒါကလည်း NUG အနေနဲ့ မြေပြင် အခြေအနေတွေကို တွက်ချက်မှုများ လွဲမှားနေသလားလို့ ထင်ရဖွယ် ရှိနေပါတယ်။ ဒါမှမဟုတ် တစ်ဖက်က ခိုင်မာသည့် Institution တစ်ခုဆိုသည်ကိုများ မေ့နေသလားဟုပင် ထင်ရဖွယ် ရှိတာမျိုးတွေကို ​ထုတ်ပြောတာမျိုး တွေရှိခဲ့ပါတယ်။

NUG ဟာ တစ်ဖက် စစ်ကောင်စီဘက်ကို လျှော့တွက်နေသလား ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။

“စကားလုံးများ ဖောင်းပွနေသလား”

ပြည်တွင်းမှာပဲ ရှောင်တိမ်းနေထိုင်နေရတဲ့ နိုင်ငံရေး သတင်းအယ်ဒီတာ တစ်ဦးက NUG မှ အစိုးရမင်းများဟာ အလွန်ပင် ကဗျာဆန်တတ်နေတယ်လို့ ဆိုပါတယ်။

သူ​က တော်လှန်ရေးကို ခေါင်းဆောင်နေရသူတွေဟာ ပြတ်သားဖို့နဲ့ ပြတ်သား မာကျောတဲ့ ပုံမျိုး ဖြစ်နေဖို့လည်း လိုတယ်လို့ ယူဆထားပါတယ်။

ဒါပေမယ့်လည်း ထောက်ခံသူများကတော့ NUG ဟာ စာပေပညာတတ် တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စစ်ပုံတော့ ကျနေမှာတော့ မဟုတ်ဘူးလို့လည်း ပြန်လည် ချေပ ပြောဆိုကြပါတယ်။

​ထိပ်ပိုင်း ခေါင်းဆောင် အချို့ အနေနဲ့ သူတို့ ထုတ်ပြောတာတွေနဲ့ လက်တွေ့ ဖြစ်သွားတာတွေ လွဲတာမျိုး မကြာခဏ ဖြစ်လေ့ ရှိနေတာကြောင့်လည်း ယခုလိုမျိုး ဝေဖန်ခံရတာလို့ လွတ်မြောက်နယ်မြေရောက် တော်လှန်ရေး ရဲဘော်တစ်ဦးက မှတ်ချက်ပေးပါတယ်။

” တစ်ခုခုဆို ပြောချပစ်လိုက်၊ရေးချပစ်လိုက်တာကလည်း အခက်ပဲဗျ။ သူတို့ကတော့ Motivation ပေါ့။ အစကတော့ ဟုတ်တယ်လေ။ အခုက နှစ်ပေါက်နေပြီ။ False Hope တွေက ပိုရင်နာစေရတယ်” လို့ သူက ဆိုပါတယ်။

လူမှုကွန်ယက်ပေါ်က NUG အစိုးရမင်း အချို့ရဲ့ ပို့စ်များကိုလည်း ၄င်းက ရည်ညွှန်းချက်ပေး ပြောခဲ့ပါသေးတယ်။

ဒီအချက်တွေထက် NUG အနေနဲ့ ဆန္ဒစောတဲ့ လုပ်ဆောင်မှုတွေက မြေပြင် အခြေအနေပေါ် အဆိုးဘက်များစေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာက ပိုဆိုးသွားစေတယ်လို့ စစ်ကိုင်းတိုင်းဘက်မှ ဒေသကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက မှတ်ချက်ပြုပါတယ်။

” D-Day ခေါ်ချပစ်လိုက်တုန်းကလည်း ဟာ ခနဲပဲ။ မြို့ပေါ်က မြေအောက် တော်လှန်ရေး ရဲဘော်တွေ အကုန်ကျပ်ကုန်ရောပဲ။ စကစဘက်က လုံခြုံရေးတွေ တင်းကျပ်ကုန်တယ်။ လုပ်ရကိုင်ရတွေ ခက်ကုန်တယ်” လို့ သူက ပြောပါတယ်။

NUG ဘက် အနေဖြင့် ၄င်းတို့ တစ်ခုခု ထုတ်ပြန်သည့် အခါတိုင်း စစ်ကောင်စီဘက်က တုန့်ပြန်လာမှုများကို လက်တွေ့ ကျကျ ရှုမြင်သင့်တယ်လို့လည်း ​သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က NUG ထုတ်ပြန်သည့် အမိန့် ညွှန်ကြားချက်များကို မနာခံရဲစေရန် ဖိနှိပ်မှုတွေကို ပိုလုပ်ပြတတ်၍ သတိထားရန်လည်း အကြံပြု ပြောပါသေးတယ်။

” NUG အနေနဲ့ မြေပြင်က ရဲဘော်တွေကို အရင် လက်နက်စုံအောင် တပ်ဆင်ပြီးမှ တစ်ခုခုဆို ထုတ်ပြောသင့်တယ်လို့ ထင်တယ်။ မြေပြင်မှာ အတို တစ်လက်တောင် မရှိပဲ လှုပ်ရှားနေရတဲ့ ရဲဘော်တွေ အများကြီးပဲ။ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက်တော့ လက်နက် တပ်ဆင်ပြီးမှ ​ထုတ်ပြောတာမျိုးဆို တစ်မျိုးပေါ့လေ။ စကစ ဘက်က ပိုပြီး လုပ်ပြတတ်တော့ သူတို့ တစ်ခုခု ထုတ်​ပြောလိုက်တိုင်း မြေပြင်မှာက သက်ရောက်မှုက တော်တော် ကြီးတယ်ပေါ့” လို့ သူက ဆိုပါတယ်။

“မြေပြင်မှာ ဘာတွေ ဖြစ်နေခဲ့သလဲ”

မြို့ပြပျောက်ကျား အဖြစ်လှုပ်ရှားခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ဦးဟာ D-Day ခေါ်ပြီးနောက်ပိုင်း မြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေး ပို တင်းကျပ်လိုက်၍ Mission များ ပြုလုပ်ရန် ခက်ခဲသွားခဲ့ရပါတယ်။

ဒါကြောင့် ဒီရဲဘော်ဟာ လွတ်မြောက်နယ်မြေဘက် ခရီးဆက်လာပြီး ကော်ဘရာ စစ်ကြောင်း ဖွဲ့စည်းချိန်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူက မြို့ပေါ်၌ စစ်ကောင်စီတပ်သားများ အဆုံးအရှုံး ရှိစေသည့် အောင်မြင်သည့် Mission အချို့ကို လုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးလို့လည်း သိရပါတယ်။

” ဒီကောင်က သိုသိုသိပ်သိပ်ပဲ။ လုပ်လည်း လုပ်ရဲတယ်။ ဒါပေမယ့် ဒီဒေးခေါ်လိုက်တော့ ဒီကောင်လည်း ဝပ် လိုက်ရတယ်။ နောက် မကြာဘူး လွတ်မြောက် ပြန်ထွက်သွားရော။ အခု ကော်ဘရာမှာပေါ့” လို့ ဒီ ရဲဘော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးက ပြောပြပါတယ်။

D-Day နောက်ပိုင်း မြို့ပြတွေမှာ လုံခြုံရေး ပိုမို တင်းကျပ်လာခဲ့တာတော့ လက်တွေ့ မြင်ရ ကြုံရပါတယ်။ ဒီဒေး ခေါ်ပြီး နှစ်လအကြာမှာပဲ တော်လှန်ရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ ရန်ကုန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ ကြည့်မြင့်တိုင်၊ ပန်းပင်ကြီးလမ်း သပိတ် ကားနဲ့ တိုက်ဖြိုခွင်းခံရတဲ့ ဖြစ်စဥ် မျိုးတွေ ဖြစ်လာခဲ့ပါတယ်။

ဒီဖြစ်စဥ်မှာဆိုရင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက ရုတ်တရက်ရောက်လာတာ ဖြစ်လို့ သပိတ်အင်အားစုတွေ အထိနာ ခဲ့တာ ဖြစ်တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ပန်းပင်ကြီးလမ်း ဖြစ်စဥ် မတိုင်ခင်က ရန်ကုန်မှာ မြေပြင် သပိတ်တွေက ” ဘာတွေလဲ ရန်ကုန်သားတွေ ” တုန်းက ကလိုမျိုး တစ်ဖက်ကို ဟာ ခနဲ ဟင်ခနဲ ဖြစ်သွားစေမယ့် အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပန်းပင်ကြီးလမ်း ဖြစ်စဥ် နောက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့ပြ သပိတ် လှုပ်ရှားမှုတွေက လုံခြုံရေး တင်းကျပ်မှုတွေ အောက်မှာ ပို၍ အခက်ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကပဲ ပန်းပင်ကြီးလမ်းမှာ အရပ်ဝတ်နဲ့ ရုပ်ဖျက်ထားတဲ့ စစ်ကောင်စီ တပ်တွေ ဝိုင်းဖမ်းလို့ သပိတ် ပြုလုပ်မယ့် လူငယ် အများအပြား ဖမ်းဆီး ခံခဲ့ရပါသေးတယ်။

ဒီဒေး နောက်ပိုင်း ရန်ကုန်မှာ သိသာတဲ့ အပြောင်းအလဲတွေလည်း မြင်တွေ့လာရပါတယ်။ လူစည်ကားတဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ နှစ်ထပ်ဘန်ကာများ ဆောက်ကာ စစ်ကောင်စီ တပ်များက အခိုင်အမာ နေရာယူလာခဲ့ပါတယ်။

ဒီ ဘန်ကာတွေက NUG ရဲ့ အမာခံ ထောက်ခံသူတွေ လူမှုကွန်ယက်မှာ ဟာသ လုပ် နောက်ပြောင်နေသလိုမျိုး မြို့ပြပျောက်ကျားများ အတွက်တော့ ရယ်စရာ တစ်ခုအဖြစ်တော့ ရှိမနေခဲ့ဘူး လို့ သိရပါတယ်။

ယခင် သဲအိတ်ဘန်ကာများ အချိန်က မြို့ပြပျောက်ကျားတွေ အတွက် စစ်ကောင်စီ တပ်တွေကို အထိနာစေတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ခံ လူငယ်တစ်ဦးကတော့ မြို့ပေါ်မှာ မကြာခဏ အသေအပျောက်တွေ ဖြစ်လာချိန်မှာ ဒီဒေး ခေါ်လိုက်တာက စစ်ကောင်စီ ဘက်ကို အခိုင်အမာ ခံစစ်ပြင်ရန် တွန်းအားပေးသလို ဖြစ်သွားတယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ရန်ကုန်က စစ်ကောင်စီ နှစ်ထပ်ဘန်ကာတွေမှာ အမြဲလိုလို တပ်ဖွဲ့ဝင် နှစ်ဦး အနည်းဆုံး ရှိနေပါတယ်။ သူတို့ထဲက တစ်ဦးကတော့ အမြဲလိုလို သေနတ်ကို အသင့်ပြင်ပြီး ကင်းစောင့်နေတာပဲလို့လည်း ဆိုပါတယ်။

စစ်ကိုင်းနဲ့ မကွေး ဘက်မှာဆိုရင်လည်း ဒေသကာကွယ်ရေး တပ်တွေဟာ ဒီဒေး ခေါ်ပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီရဲ့ ပိုမို အင်အားသုံး ဖိနှိပ်မှုတွေကို ကြုံလာရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော် အတွင်းမှာလည်း စစ်ကိုင်းနဲ့ မကွေးဟာ စစ်ကောင်စီတပ်တွေရဲ့ ရွာစဥ် လှည့်လည် မီးရှို့တဲ့ ဒဏ်ကို အများဆုံး ခံခဲ့ရပါတယ်။

ဒါ့အပြင် ရင်ဘောင်တိုင်ကျေးရွာ ဖြစ်စဥ် ၊ လက်ယက်ကုန်း ကျေးရွာ ဖြစ်စဥ်လိုမျိုး လေကြောင်းအင်အား အဆမတန် သုံးပြီး အရပ်သားတွေ နေထိုင်တဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် တိုက်ခိုက်တာတွေလည်း ပို လုပ်ဆောင်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ မီးရှို့လို့ နေအိမ် နှစ်သောင်း ခြောက်ထောင်ကျော် ပျက်ဆီးခဲ့ရပြီးပါပြီ။ ဒါက တစ်နိုင်ငံလုံးမှာ မီးရှို့ခံရတဲ့ အဆောက်အအုံ သုံးသောင်းခွဲကျော်ရဲ့ ထက်ဝက်ကျော် ပမာဏလည်း ဖြစ်ပါတယ်။

ကရင်နီ၊ ကရင် ဒေသတွေမှာလည်း ဒီဒေးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့အချို့က ဒီဒေး ခေါ်လိုက်၍ ၄င်းတို့ထံတွင်လည်း တိုက်ပွဲများ ပိုဆိုးလာခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်က RFA သတင်းဌာနကို ​​ပြောခဲ့ကြပါသေးတယ်။

KNU နယ်မြေမှာဆိုရင်လည်း လေးကေ့ကော် တိုက်ပွဲလိုမျိုး လေကြောင်း အင်အား အဆမတန် သုံးတဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ဥကရစ်ထ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း မဆင်မခြင် တိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်က သတိပေးမှုတွေကို ခံခဲ့ရပါသေးတယ်။

ဒါတွေက ဒီဒေးနောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေတွေထဲက အချို့အကြောင်းလည်း ဖြစ်ပါတယ်။

“NUG ရဲ့D-Day ကို စစ်ကောင်စီ ကြောက်သလား”

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေး ကစားကွက်ကို လမ်းကြောင်း တစ်ခု ချမှတ်ထားပြီး ဖြစ်လာတဲ့ အခြေအနေ အလိုက် ​ပိုမို ဖိနှိပ်ကာ နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ပြည်တွင်းက အမည်မဖော်လိုသူ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သူရဲ့ အမြင်ကို ပြောပါတယ်။

သူက NUG က D-Day ခေါ်သည် ဖြစ်စေ၊ မခေါ်ခဲ့သည် ဖြစ်စေ စစ်ကောင်စီဟာ တော်လှန်ရေးကို မရမက နှိမ်နင်းဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်လို့လည်း ယူဆထားသူ ဖြစ်ပါတယ်။

ဒါပေမယ့် လူမှုကွန်ယက်ပေါ် တော်လှန်ရေး အကြောင်း တင်ရုံနဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်လိုက်တဲ့ ထိ လုပ်လာတာမျိုးကတော့ ဒီဒေး၏ သက်ရောက်မှု ပါနိုင်တယ်လို့လည်း ဆိုပါတယ်။

” NUG က ဒီဒေး မခေါ်ခင်ထဲက စကစတွေက သတ်နေ ဖြတ်နေတာပဲ။ ဘန်ကာတွေ ဆောက်လာတယ်ဆိုတာကလည်း သူတို့ ခဏ ခဏ အပစ်ခံနေရလို့ မခံရအောင် လုပ်တဲ့ သဘောပဲ။ ပို့စ်တင်လို့ အိမ်ချိတ်ပိတ်တာတွေ၊ K-Pay နဲ့ ငါးထောင် လှူမိလို့ ၅၀ ည ကပ်လိုက်တာမျိုးတွေကျ ဒီဒေး ခေါ်လိုက်လို့ ဒီလောက်ထိ ဖြစ်လာသလားပေါ့ တွေးစရာ တစ်ခုပါပဲ။ အတတ်တော့ ပြောလို့ မရဘူး” လို့ သူက ပြောပါတယ်။

ဒီဒေး နောက်ပိုင်း စစ်ကောင်စီ ဘက်က ဖိနှိပ်အကြမ်းဖက်တာတွေ ပိုလုပ်လာသလို စစ်ကိုင်းနဲ့ ကရင်နီ လိုဒေသတွေမှာလည်း တော်လှန်ရေးက အမှန်တကယ်ကို အရှိန်မြှင့်လာပါတယ်။

အဲ့ဒီဒေသတွေမှာ စစ်ကောင်စီ တပ်တွေဟာ မြေပြင်မှာ စစ်ကြောင်းထိုးတိုင်း ပျောက်ကြား တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။

ဘယ်လိုပဲ အကြမ်းဖက် ဖိနှိပ်နေပါစေ အဲ့ဒီဒေသတွေမှာ တော်လှန်ရေး အင်အားစုတွေက ပိုလို့သာ အားကောင်းလို့ လာနေခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဟာ ဆိုရင် NUG ရဲ့ ဦးဆောင်မှုအောက်၊ သို့မဟုတ် ပူးပေါင်းနေသည့် PDFနဲ့ LPDF တပ်ဖွဲ့ဝင် သောင်းချီ ရှိနေပါတယ်။

သူတို့တွေဟာ NUG ရဲ့ အမိန့်အတိုင်း လှုပ််ရှားနေတယ်လို့ ဆိုထား၍ NUG ရဲ့ ဒီဒေး ခေါ်သံဟာ ဒီဒေသတွေမှာ အများကြီး သက်ရောက်ခဲ့ပါတယ်။

“စစ်ကောင်စီကို လျှော့တွက်နေဦးမှာလား”

NUG ရဲ့ PDF တပ် တွေသာမကပါဘူး ဒီထက်ပို လက်နက်ပြည့်စုံတဲ့ EAOs တွေတောင် စစ်ကောင်စီ တပ်နဲ့ ယှဥ်ရင် လက်နက်အင်အားက ကွာခြားပါသေးတယ်။ အထူးသဖြင့် လေကြောင်အင်အားက စစ်ကောင်စီ အတွက် အားသာချက်ကြီး တစ်ခု အဖြစ် ရှိနေပါတယ်။

NUG အနေနဲ့တော့ သူတို့ရဲ့ တပ်တွေကို လက်နက်ငယ် အပြည့်အစုံ ပင် မတပ်ဆင်နိုင်သေးပါဘူး။ မြေပြင်က တော်လှန်ရေး အင်အားစုတွေထဲ လက်လုပ် သေနတ်တွေသုံး တိုက်နေရသူတွေ အများအပြား ရှိနေပြီး ရဲဘော် အများစုကတော့ ကိုယ်ပိုင် လက်နက်ရယ်လို့ မရှိကြသေးတာကို တွေ့ရပါတယ်။

NUG ဘက်က လေယာဥ် ပစ်တွေ ရှိနေပြီလို့ ထုတ်ဖော်ပြောထားပေမယ့် ဒီ ထုတ်ဖော်ပြောဆိုမှု နောက်ပိုင်း ဖြစ်ခဲ့တဲ့ ဝက်လက်မှ PDG စခန်း ရဟတ်ယာဥ် ၈စီးခန့်နဲ့ အတိုက်ခံရစဥ်တုန်းကတော့ ထုတ်သုံးတာကို မတွေ့ရသေးပါဘူး။

စစ်ကိုင်းဖက်မှာလည်း နာမည်ကြီး PDF တပ်ဖွဲ့တွေနဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ကပင် ၄င်းတို့ထံ တွင် လက်နက်အင်အား မလုံလောက်ဘူးလို့ ထုတ်ပြောထားပါတယ်။

ဒီလိုတွေ ဖြစ်နေချိန်မှာ စစ်ကောင်စီဘက်ကတော့ လက်နက်ရောင်းတဲ့ ရုရှားနဲ့ ပဏာသင့်နေသလို ၄င်းတို့လက်ဝယ်မှာလည်း လက်နက်ထုတ်တဲ့ စက်ရုံတွေက အများအပြား ရှိနေပါတယ်။

နောက်တစ်ချက် အနေနဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းပြည်အနှံ့မှာ စစ်မျက်နှာပေါင်းစုံ ဖွင့်ထားရပြီး အထိအခိုက် သေဆုံးတာတွေ များနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိတော့ မြန်မာစစ်တပ်ဟာ စစ်မျက်နှာပေါင်းစုံမှ သူတို့ရဲ့ အဓိက နယ်မြေတွေကို လက်လွှတ် ဆုံးရှုံးသွားတာမျိုး မရှိသေးပါဘူး။

” စစ်ကိုင်းတိုင်းကို ဘယ်လောက်ပဲ ထိန်းချုပ်ထားနိုင်ပါတယ်။ ဘာဖြစ်တယ်​ပြောတာက အပြောသက်သက်ပါပဲ။ တကယ်စစ်ကြောင်းထိုးလာရင် အကုန်ပြေးရတာပဲ” လို့ မြို့ပြ ပြောက်ကျား ရဲဘော်တစ်ဦးကတော့ ဖြစ်နေတဲ့ အခြေအနေကို မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီတပ်ဟာ နှစ်ပေါင်းများစွာ စနစ်တကျ ဖွဲ့စည်းထားခြင်း၊ တစ်သွေးတစ်သံ တစ်မိန့် အားကောင်းခြင်း၊ ခေတ်မီ လက်နက်များကို ဖောဖောသီသီ သုံးထားနိုင်ခြင်း၊ စစ်တိုက်ရန် ဘဏ္ဍာရေး အင်အားတောင့်တင်းခြင်း စတဲ့ အချက်တွေကို ပိုင်ဆိုင်ထားပါတယ်။

ဒါတွေအပြင် စစ်ကောင်စီဟာ မြို့ပြမှာ ဆိုရင် သူတို့ရဲ့ ထောက်လှမ်းရေး ကွန်ယက် အခိုင်အမာ ဖြန့်ကျက်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း မြို့ပြက တော်လှန်ရေး အင်အားစုတွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းတွေကို မကြာခဏ ခံနေရလို့ အင်အားပြုန်းတီးရတဲ့ ဖြစ်စဥ်တွေ အများကြီး ဖြစ်နေရပါတယ်။

ဒါ့အပြင် စစ်မြေပြင်မှာလည်း စစ်ကောင်စီ တပ်တွေ အဆင့်မြင့် နည်းပညာတွေကို သုံးထားနိုင်တဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ အတွက် အထိနာတဲ့ အကြောင်းရင်း တစ်ချက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

“စကားပြောစက်တွေကနေတဆင့် ပြောတဲ့အခါမှာ ရန်သူစစ်တပ်က အဆင့်မြင့်နည်းပညာတွေသုံးနိုင်တဲ့အတွက် အလွယ်တကူပေါက်ကြားနိုင်တယ် ရန်သူတွေရဲ့ သတင်းကို ရရှိဖို့အတွက်ကျ ကိုယ်တွေမှာ အရမ်းခက်ခဲတယ် တော်ကြာ ဟိုလူက ဟိုနားတွေ့တယ်ပြောလိုက် ဒီလူက ဒီနားတွေ့တယ်ပြောလိုက် အင်အားကိုလည်း အတည်တကျ မပြောနိုင်ဘူး အဲ့လိုအခက်အခဲပေါ့ ” လို့ စစ်ကိုင်းဘက်က ကရင်နီဒေသက တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

“တော်လှန်ရေးကို အနိုင်တိုက်ဖို့ NUG အသင့် ဖြစ်နေပြီလား”

တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ပြန့်ကြဲနေပါတယ်။ NUG ရဲ့ လက်အောက်ကနေ လှုပ်ရှားနေတဲ့ ဆိုတဲ့ PDF တပ်ဖွဲ့ဝင်များပင် သိန်းနဲ့ချီ ရှိနေနိုင်ပါတယ်။

အမြို့မြို့ အနယ်နယ်တိုင်းမှာလည်း နာမည်မျိုးစုံနဲ့ မြို့ပြ ပျောက်ကြားတွေ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ယခင်ကတည်းက ရှိရင်းစွဲ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒီ တော်လှန်ရေး အင်အားစုတွေ အားလုံးက တစ်စု တစ်စည်းထဲ တော့ ဖြစ်မနေပါဘူး။ ဒေသအတော်များများမှာကို NUG နဲ့ လက်တွဲ လုပ်ကိုင် မနေတဲ့ မြို့ပြပျောက်ကျား တပ်ဖွဲ့တွေလည်း ရှိနေပါတယ်။

အထူးသဖြင့် NUG၏ ဦးဆောင်မှုအောက်မှ PDF များနှင့် NUG နဲ့ မပူးပေါင်းထားတဲ့ တပ်ဖွဲ့များအကြားမှာလည်း ပွတ်တိုက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဝက်လက် မှာ ဖြစ်ခဲ့တဲ့ ဗိုလ်တိုက်ဂါးတို့ အဖွဲ့ရဲ့ ဖြစ်စဥ်က ဒီ ပွတ်တိုက်မှုတွေ အကြောင်း ဖြစ်ရပ်မှန် ဖြစ်စဥ် တစ်ခုပါပဲ။

ဒါ့အပြင် ကချင်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကရင်နီ ၊ ရခိုင်စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကလည်း တစ်စုတစ်စည်းထဲ ရှိမနေသေးပါဘူး။

ကချင်မှာ KIA က သူ့နည်း သူ့ဟန်ဖြင့် တော်လှန်တိုက်ခိုက်နေသလို ကရင်မှာလည်း အလားတူပါပဲ။ ရခိုင်၊ ချင်း၊ ကရင်နီ ဒေသတွေမှာလည်း EAOs တွေဟာ သူတို့နည်း သူတို့ဟန်နဲ့ ပဲ တော်လှန်တိုက်ခိုက်နေကြစဲပါ။

“အဓိက နုကြည် လူစားလဲရတော့မယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကတိကဝတ် သေချာလက်မှတ်ရေးထိုးနိုင်ရမယ်၊ NUCC အနေနဲ့ အခုလို ဖောင်းပွနေတဲ့ အဖွဲ့အစည်းတစ်ခုထက် ကျစ်လစ်ပြီး အလုပ်လုပ်နိုင်အောင် ပြင်ဆင်ရမယ်၊ CRPHနဲ့ ပူးပေါင်းပြီးတော့ တိကျသေချာတဲ့ ကြားကာလ အခြေခံဥပဒေ၊ ဖက်ဒရယ်အရေး မူကြမ်းသဘောတူချက် (ပင်လုံစာချုပ်လို ပွဲပြီးသွားမှ အကောင်အထည်မဖော်ပေးတာမျိုး မဖြစ်ရ) ဒါတွေကို သေချာချပြရမယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သူက ” လက်နက်လိုအပ်တာ မှန်ပါတယ်၊ သို့သော် တိုင်းရင်းသားအဖွဲ့အစည်းအတွေနဲ့ တိကျတဲ့ သဘောတူညီမှု မယူနိုင်သေးသ၍ မနိုင်ပါဘူး၊ တော်လှန်ရေးစတင်ကတည်းက ရှေ့ထွက်ကူညီခဲ့တဲ့ KNU၊ KIAလို အဖွဲ့အစည်းမျိုးနဲ့တောင်မှ တိကျသေစွာ မလုပ်နိုင်ပါဘူး၊ AAဆိုရင်လည်း ကူညီမှုတွေ အများကြီးရှိပါတယ် ရခိုင်ပြည်နယ်နဲ့ ပက်သက်ပြီး ရိုဟင်ဂျာရေးကအစ အခုချိန်ထိ တိကျတဲ့ မူဝါဒနဲ့ အများလက်ခံတဲ့ လမ်းစဉ် မချပြနိုင်တာမို့ ဒီလိုလုပ်ဆောင်မှုမျိုးနဲ့ နိုင်မယ့် ကာလကိုတောင်မှ မှန်းဆဖို့ ခက်ခဲပါတယ်” လို့လည်း ဆိုပါတယ်။

NUG အနေနဲ့ တော်လှန်ရေး အနိုင်တိုက်ဖို့ရာ ပြည်သူလူထုရဲ့ အင်အားကလည်း အခရာ ကျပါတယ်။ ပြည်သူတွေ အနေနဲ့ NUG ကို တခဲနက် ထောက်ခံထားကြပေမယ့် စီးပွားရေး အကျပ်အတည်းက ထောက်ပံ့မှုတွေ လုပ်ပေးဖို့ အခက်ကြုံလာကြရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးဖိနှိပ်မှုတွေကြောင့် မြို့ပြဒေသမှာ ပြည်သူတွေဟာ တော်လှန်ရေးနဲ့ တဖြည်းဖြည်း ကင်းကွာလာနေပါတယ်။ NUG ရဲ့ သူတို့ ​ထုတ်ပြောတာတွေ ဖြစ်မလာတာတွေ များနေ၍လည်း ပြည်သူတွေရဲ့ သူတို့ အပေါ် ယုံကြည်မှု အတိုင်းအတာအပေါ် အကျိုး သက်ရောက်မှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

လူထုထောက်ခံမှုဟာ တော်လှန်ရေးအတွက် မည်မျှ အရေးပါတယ်ဆိုတာကို ရက္ခိုင့်တပ်တော်ရဲ့ တော်လှန်ရေး သမိုင်းက သက်သေပြနေပါတယ်။

AA ဟာ သိုသပ်ခြင်း၊ တိုက်ရည်ခိုက်ရည် ကောင်းခြင်း၊ စိတ်ဓါတ်ခိုင်မာခြင်း၊ တော်လှန်ရေး ရည်မှန်းချက် ခိုင်ခိုင်မာမာဖြင့် Road Map တိတိကျကျ ရှိထားခြင်းတို့ကို တွေ့ရပါတယ်။

ဒါတွေအပြင် AA ဟာ ရက္ခိုင် လူမျိုးများရဲ့ ထောက်ခံမှုကို အပြည့်အဝရထားခြင်းက တော်လှန်ရေးအတွက် အကောင်းဆုံး အင်အား ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

NUG အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ရာ လူထုထောက်ခံမှုကို တခဲနက် ရထားတယ်ဆိုပေမယ့် ထောက်ခံနေတဲ့ လူထုက သူတို့ကို ပိုမိုထောက်ပံ့လာအောင်လည်း လမ်းဖွင့် လမ်းပြပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုမှုတွေ ရှိထားပါတယ်။

ဒါမှလည်း တစ်ဖက် တစ်နိုင်ငံလုံးက သယံဇာတတွေ ရောင်းပြီး စစ်တိုက်နေတဲ့ စစ်တပ်နဲ့ ဘဏ္ဍာရေး အင်အားခြင်း ကွာဟနေမှုကို လျှော့ချလာနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြေပြင်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေက တော့ NUG ပြောတဲ့ တစ်နှစ်အတွင်း ဆိုတဲ့ အပေါ်ကို ဖြစ်မလာနိုင်သေးဘူးလို့ ယူဆပြောဆိုနေကြပါတယ်။

“တော်လှန်ရေးကာလက အချိန် အားဖြင့်တော့ (NUG) သူတို့ပြောတာက ရှေ့နှစ်မှာထူးမယ်။ အဆုံးအဖြတ်ဖြစ်မယ်ဆိုတာမျိုးရယ်ပြောထားတော့ ကျွန်တော်ကတော့ အဲ့ထက်ပိုနိုင်တယ်လို့ပဲထင်ပါတယ်။ တော်လှန်ရေးအရ သူတို့လုပ်မယ် အချက်တွေကို အသေးစိတ်ပြောမရဘူးလို့ သူတို့ဘက်က ထင်နိုင်ပေမဲ့ ရှေ့မှာ ဒီလိုမျိုးတွေ ကြီးကြီးကျယ်ကျယ်တွေပြောထားပြီး အခုအချိန် ဆက်လက်ရှိနေတာလည်း အားလုံးအသိပဲဆိုတော့ ကြာဦးမယ်ထင်ပါတယ်။” လို့ ကရင်နီ ဒေသမှ တော်လှန်ရေး ရဲဘော်တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးက လူထုအုံကြွမှုကို ဖိနှိပ်ခံရတာကနေ လက်နက်ကိုင် တော်လှန်ရေး အသွင်ပြောင်းသွားခဲ့တာပါ။ များစွာသော လူငယ်တွေဟာ သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်မှုကြောင့် သေနတ်ကို သေနတ်ချင်း ယှဥ်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စာပေလွတ်လပ်ခွင့် အတော်အတန် ရခဲ့တဲ့ ကာလမှာ ကြီးပြင်းလာတဲ့ လူငယ်တွေအတွက် စစ်တပ်ရဲ့ အောက်တိုဘာ တော်လှန်ရေး၊ ကျူးဘားတော်လှန်ရေး အကြောင်းတွေကလည်း အားတက်စရာဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။

ဒီအတွက်လည်း နောက်ပြန်ဆုတ်လို့ မရတော့တဲ့ လက်နက်ကိုင်လမ်းစဥ်ကို လူငယ်တွေ လျှောက်လှမ်းခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင် လမ်းစဥ်ဟာ လူငယ်တွေရဲ့ ဖိနှိပ်ခံရမှုကို တော်လှန်မှ ရမယ် ဆိုတဲ့ စိတ်ကနေ ဖြစ်တည်လာခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် မတ်လ လောက်ကတည်းက စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် တောခိုလာကြတဲ့ လူငယ်တွေ အများအပြား ရှိနေခဲ့တာကို တွေ့ရပါတယ်။ ဒါက NUG ဖွဲ့စည်းချိန်မတိုင်ခင်ထဲကပါပဲ။

ထို့နောက် ဧပြီလမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတိုင်ပင်ခံကောင်စီတို့က တော်လှန်ရေးတပ်ဦးကို စုစည်းနိုင်မယ့် မျှော်လင့်ချက်တွေ များစွာဖြင့် တော်လှန်ရေး တပ်ဦး အစိုးရ အသွင်ပေါ်ပေါက်လာခဲ့ပါတယ်။

လူငယ်တွေ တောခိုလာကြ၊ ချင်း၊ ကရင်နီ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် တော်လှန်ရေးတွေ စမြင်တွေလာခဲ့ရတဲ့နောက် NUG ကလည်း လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို စုစည်းဖို့ရာ PDF တပ်ဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါကို ဘာလို့ ပြန်လည် ပြောပြနေရတာလဲ မေးရင် ဖြေစရာရှိပါတယ်။ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး သမားတွေက တော်လှန်ဖို့ နောက်ကျခဲ့ပြီး ပြည်သူကသာ တော်လှန်ဖို့ လက်ဦးခဲ့တာကို သိစေချင်တာဖြစ်ပါတယ်။

လက်နက်ကိုင် လမ်းစဥ်ကိုလည်း သွေးမြေကျမှုတွေကို သည်းမခံနိုင်တော့တဲ့ လူငယ်တွေက စတင်ခဲ့ကြတာပါ။ ဘယ်အာဏာရှင်ကိုမဆို ဖြုတ်ချမယ် ဆိုတဲ့ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ လက်နက်ကိုင် တော်လှန်ဖို့ ရွေးချယ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ ချစ်ခင်ရသူတွေ၊ ဘဝတက်လမ်းတွေကို စွန့်ပြီး နိုင်ငံအတွက် ပေးဆပ်ရန် ဆုံးဖြတ်ခဲ့သူတွေပါ။ တော်လှန်ရေးကာလ တစ်လျှောက်မှာလည်း သူတို့ရဲ့ ပေးဆပ်မှုတွေကို အထင်းသား မြင်နိုင်ပါတယ်။

တော်လှန်ရေး တစ်ခုအောင်မြင်ဖို့ရာ တော်လှန်ချင်သူတွေနဲ့တင်မရပါဘူး။ တော်လှန်နေမည့် သူများစွာကိုလည်း လိုအပ်ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးမှာတော့ တော်လှန်နေသူများရဲ့ အင်အားက အလွန်ကို အားကောင်းလျက် ရှိနေပါတယ်။

သို့ပေမယ့် ဒီတစ်ချက်ထဲနဲ့တော့ NUG ပြောတဲ့ တစ်နှစ်အတွင်း တော်လှန်ရေး အောင်နိုင်လိမ့်မယ်ဆိုတာမျိုးက အတော်ကို အလှမ်းဝေးနေသေးတယ်လို့ ဆိုလို့ရနေပါတယ်။

” နာရီစက်သွားတွေလိုပါပဲ။ အားလုံးချိတ်ဆက်မိမိ လည်နေမှ။ အချိန်မှန်ကိုပြနိုင်မှာပါ။ တစ်ခုခုချွတ်ယွင်းရင်အဆင်မပြေဘူး။ အခုက အားလုံးဒီလို လည်နိုင်ဖို့အတွက် မဖြစ်သေးတဲ့ အခြေအနေမှာရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီထက်ကြာဦးမယ်လို့မြင်တယ်။” လို့လည်း သူက ဆိုပါတယ်။” လို့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။