ပြည်မြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သံဃာများ ကိုယ်တိုင်မမောင်းရန် တားမြစ်

Author မေ
Categories
Published on Dec 03, 2022

ဆိုင်ကယ်စီးနင်းခွင့်အား လိုက်လံထိန်းချုပ်နေသော စစ်ကောင်စီက ပြည်မြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သံဃာများ ကိုယ်တိုင်မမောင်းရန် တားမြစ်ထားကြောင်း သိရသည်။

ပြည်မြို့ရှိ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းရှည်လမ်းတစ်လျှောက်တို့၌ ယာဉ်များအား ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်၍ ရဟန်းသံဃာများ၊ သာမဏေများ၊ သီလရှင်များ အနေဖြင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ကိုယ်တိုင်မောင်းနှင်ခြင်း မပြုရန်နှင့် လိုင်စင်မဲ့ ယာဉ်များအား အသုံးမပြုရန် တားမြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့များမှ တစ်ဆင့် ဘုန်းတော်ကြီးကျောင်းများသို့ စာပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ညအိပ်ဧည့်သည်များအား စိစစ်၍ ခွင့်ပြုရန် တိုင်းသံဃနာယကအဖွဲ့မှ ဘုန်ကြီးကျောင်းများအား အသိပေးထားကြောင်း သိရသည်။

စစ်ကောင်စီမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၊ စခန်းများကို ဆိုင်ကယ်စီးနင်းလာသူများဧ၊် တိုက်ခိုက်မှုခံရသည်ဆိုကာ နိုင်ငံတစ်ဝန်း၌  ဆိုင်ကယ်စီးနင်းမှုများကို နည်းအမျိုးမျိုးဖြင့် လိုက်လံကန့်သတ်လျက် ရှိနေသည်။ အချို့ဒေသများ၌ ဆိုင်ကယ်ဖမ်းသည်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်အား သိမ်းယူ၍ ရောင်းစားမှုများပင် ရှိသည်။