ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ အမိန့်ဖြင့် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ဆံပင် လေးကွက်ကျားရိတ်ကာ နှိမ့်ချဆက်ဆံနေ

Author ခေတ်နီ
Categories
Published on Jan 17, 2023

 

ပုသိမ်အကျဥ်းထောင်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဥ်းသားများနှင့် ထောင်အာဏာပိုင်များကြား ပဋိပက္ခကြားဖြစ်စဉ်အား အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ပုသိမ်ထောင်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ ညက နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုဝေယံဖြိုးထံမှ ဖုန်းတစ်လုံး တွေ့ရှိတာကြောင့် ၎င်းအပါအဝင် သုံးယောက်ကို ထောင်အာဏာပိုင်များမှ သီးခြားခွဲထုတ်ကား ရိုက်နှက်ခဲ့ပြီး ၎င်းတို့ကို ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများမှ ဇန်နဝါရီလ ၆ ရက်နေ့တွင် တောင်းဆိုရာမှ ထောင်အာဏာပိုင်များနှင့် ပဠိပက္ခဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ပဋိပက္ခဖြစ်ပွားမှုကို ထောင်အာဏာပိုင်များဘက်မှ ပစ်ခတ် နှိမ်နှင်းခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူ ကိုဝေယံဖြိုး(ခ)ရာစုမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး လူ ၁၀ဦးကျော် အသက်အန္တရာယ် စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး လူ ၆၀ ကျော်သည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသခွင့်များလည်း မရရှိခဲ့ဘဲ နိုင်ငံရေးအကျဥ်းသားတချို့မှာ ပျောက်ဆုံးနေသေးကြောင်း သိရသည်။

ထိုသို့ အဓိကရုဏ်းကိုထောင်အာဏာပိုင်များမှ အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးနောက် အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများမှ သွေးသစ္စာသီချင်း သီဆိုကာ ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်မှ လာရောက်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား စိုးထွဋ်မှ ဆေးကုသမှု မပေးရန်၊ ထောင်ဝင်စာများ ပိတ်ပင်ထားရန်နှင့် ဆံပင်များအား အတင်းအဓမ္မ လေးကွက်ကျားရိတ်ထားရန် အမိန့်ပေး ခိုင်းစေခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။

“ကျမ ဦးလေးဆို အထဲမှာ အတော် အဆင်မပြေဖြစ်နေတယ် သူ့ဆို ဆေးသောက်ခွင့်မပေးတာရယ် ဆံပင်ကို လေးကွက်ကျားရိတ်ထားတာရယ် ကျန်းမာရေးမကောင်းတော့တာရယ် တွေ့လာရတယ်၊ သူတစ်ယောက်တည်းမဟုတ်ပဲ ပုသိမ်အကျဉ်းထောင်မှာ တခြားသူတွေရော အခြေနေမကောင်းတာ အတော်သိသာတယ်”ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးမှ CJ Platform သို့ပြောသည်။

ထို့အပြင် ပုသိမ်အကျဥ်ထောင်အတွင်း ယခုလို နိုင်ငံရေးအကျဥ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုသည် အလွန်ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အဆိုပါ အကြမ်းဖက်မှုအား လုပ်ဆောင်ခဲ့သူများအနေဖြင့် မိမိတို့ လုပ်ဆောင်ခဲ့သည့် ပြစ်မှုများအပေါ် တာဝန်ခံရမည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
*ခေတ်နီ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုသိမ်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #လေးကွက်ကျား #စိုးထွဋ်