ရက်မှန်ကြေး ၁၀ရာခိုင်နှုန်းအတွက် တောင်းဆိုသည့် PMGသပိတ် အလုပ်ရှင်ဘက်မှ ၅ ရာခိုင်နှုန်းသာပေး

Author ခေတ်နီ-နီနီ
Categories
Published on Aug 23, 2019

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း ၃ ရှိ PMGပုလင်းသန့်စင်စက်ရုံမှ လုပ်သားများသည် ရက်မှန်ကြေး ပြန်လည်ရရှိရေး သပိတ် မှောက် တောင်းဆိုခဲ့ကြရာ အလုပ်ရှင်ဘက်က သီးခြားခံစားခွင့်ဟု ခေါင်းစဥ်ပြောင်းကာ ၅ ရာခိုင်နှုန်းဖြင့် လက်ခံလိုက်ရကြောင်း သပိတ်တွင်ပါဝင်သူများထံမှ သိရသည်။

သြဂုတ်လ ၈ ရက်မှ စတင်ခဲ့သည့် အဆိုပါသပိတ်သည် ယမန်နေ့ သြဂုတ် ၁၈ ရက် တွင် အပြီးသတ်ညှိနှိုင်းခဲ့ကြပြီး မူလတောင်းဆိုချက်ဖြစ်သည့် ရက်မှန် ကြေး ၁၀ ရာခိုင်နှုန်းအစား သီးခြားခံစားခွင့်ဟု ဆိုကာ ၅ ရာခိုင်နှုန်း ကို အလုပ်ရှင်ဘက်မှ ပြန်လည် ပေးမယ်ဆိုသည့်အပေါ် သပိတ်မှောက်လုပ်သားတွေက လက်ခံလိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။

” ၅ ရာခိုင်နှုန်းနဲ့ပဲ ကျမတို့ကသဘောတူပေးလိုက် တယ်၊ သူတို့ဘက်က တလမှာ စနေ ၂ ရက်ဆင်းပေးရမယ် ကြားထဲမှာခွင့်ယူတာတွေရှိရင်လဲ အဲ့၂ ရက်ဆင်းထားတော့မဖြတ်တော့ဘူး အဲ့လိုတော့ပြောလာတယ်” ဟု သပိတ်မှောက် လုပ်သားတစ်ဦးက CJ Platform ကိုပြောသည်။

ယခုလိုအပြီးသတ်ညှိနှိင်းမှုမတိုင်ခင်မှာအလုပ်သမားရုံး တာဝန်ရှိသူတွေက မူလတောင်းဆိုချက်၏ ၂ ရာခိုင်နှုန်းကိုလျော့ပေးဖို လာရောက်ပြောဆိုခဲ့တာတွေလဲ ရှိခဲ့သည်။

“အရင်ရက်ကသူတို လူကြီးတွေလာပြောတာ၈ ရာခိုင်နှုန်းပေါ့ ၅ ရာခိုင်နှုန်းကတော့ ကျွန်မအနေနဲ့ဆိုရင်တော့ လက်ခံနိုင်ဖို့မရှိဘူး ဒါပေမယ့် တခြားလုပ်သားတွေရဲ့ မိသားစုစားဝတ်နေရေး ထိခိုက်သွားမှာကြောက်တော့ လက်ခံလိုက်ကြတာပေါ့” ဟု သပိတ် မှာပါဝင်နေသည့် အခြားသော အလုပ်သမားတစ်ဦးမှ CJ Platform ကို ပြောသည်။

လုပ်သား ၇၀ ကျော်ရှိသည့် PMGစက်ရုံ ပုလင်းသန့်စက်ဌာနက သပိတ်ဟာ လုပ်သား ၃၈ ဦးသာ ပါဝင်သပိတ်မှောက်ခဲ့ပေမယ့် အကျိုးခံစားခွင့်ကိုတော့ လုပ်သားအားလုံးခံစားခွင်ရရှိမှာ ဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၈ ရက်ကညှိနှိင်းခဲ့သည့် သီးခြားခံစားခွင့် ၅ ရာခိုင်နှုန်း ကို လာမည့် အောက်တိုဘာလ ၁ ရက် မှသာ စတင်ခံစားခွင့် ရရှိမည်ဟု သိရသည်။