ပြည်တွင်း ပဋိပက္ခများဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသင့်ကြောင်း စစ်ခေါင်းဆောင်အား မွန်ပြည်သစ်ပါတီတိုက်တွန်း

Author မွန်လေး
Categories
Published on Oct 16, 2022

ပြည်တွင်း ပဋိပက္ခများဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသင့်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မွန်ပြည်သစ်ပါတီ (NMSP) က တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီသည် အောက်တိုဘာ ၁၁ရက်တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး အထက်ပါကိစ္စရပ် များကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီ၏ အောက်တိုဘာ ၁၅ရက်နေ့တွင် ထုတ်ပြန်သည့် ထုတ် ပြန်ချက်အရ သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများဖြေရှင်းနိုင်ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ပါ၀င်သင့် ပါ၀င်ထိုက်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန်လိုအပ်သည်ဟု မွန်ပြည်သစ်က ဆိုထားသည်။

ထို့ပြင် အောက်တိုဘာ ၁၂ရက်မှ ၁၄ ရက်အထိ မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၅ ရက်တွင် စစ်ကောင်စီက ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေးသဘော တူစာချုပ် NCA လက်မှတ်ထိုးမှု ၇နှစ်ပြည့် အခမ်းအနားသို့ ALP၊ PNLO၊ LDU၊ NMSP၊ RCSS၊ DKBA၊ KNU\KNLA-PC တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင်များကို စည်းရုံးနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဟုလည်း အောက်တိုဘာ ၁၅ရက်တွင်ပြောကြားထား သေးသည်။

မြန်မာနိုင်ငံအရေးကို သုံးသပ်လေ့လာမှုများပြုလုပ် လျက်ရှိသည့် ISP Myanmar စစ်တမ်းတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် စစ်ကောင်စီအတွက် အရေးပါနေသည့် ကတ်တစ်ခုအဖြစ်ရှိနေသည်ဟု ဖော်ပြထားသည်။