ပြည်တွင်း တော်လှန်ရေးအင်အားစုများသည် ကျင့်၀တ်၊ စည်းမျဉ်းနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှု များအရ စစ်ကို စစ်လို မတိုက်နိုင်ခြင်း ဖြစ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 13, 2022

 

ပြည်တွင်း တော်လှန်ရေးအင်အားစုများသည် ကျင့်၀တ်၊ စည်းမျဉ်းနှင့် လူ့အခွင့်အရေးလေားစားလိုက်နာမှု များအရ စစ်ကို စစ်လိုမတိုက်နိုင်ခြင်းဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၃ရက်တွင်) ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၈ ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် လေကြောင်းထိုးစစ်ဆင်ပြီး စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ပြည်တွင်း၌ စစ်ရေးအသာစီးရရန် နိုင်ငံရေးကို နည်းမျိုးစုံ လှည့်ကွင်များဖြင့် လုပ်ဆောင်နေသည်ကိုတွေ့ရပြီး၊ လေကြောင်း ထိုးစစ်များ အဓိက ထားလုပ်ဆောင်ခြင်းသည် စစ်ကောင်စီ၏ မြေပြင် ကြည်းတပ် အင်အား ယုတ်လျော့ချိနဲ့ လာသည်ကို ပြသနေကြောင်း ယာယီသမ္မတကပြောကြားသည်။

“စစ်ကောင်စီဟာ သူတို့ အနိုင်ရဖို့ ရှင်တန်ရပ်တည်နိုင်ဖို့အတွက် လက်မရွံလုပ်နိုင်တယ်ဆိုတာကို အထင်အရှားပြနေတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာတော့ ကျင့်၀တ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လိုမတိုက်နိုင်တာတွေရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူ၊ စနစ်နဲ့၊ ကျင့်၀တ်နဲ့ လျှောက်လှမ်းနေသည့် တော်လှန်ရေးလမ်းစဉ်ဖြစ်ပါတယ်။ တရားသောစစ်ရဲ့ ကျင့်၀တ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလှတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနေရပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

NUG အနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ရန် နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အရပ်သားသေကြေမှုများ နည်းနိုင်သမျှ နည်းရန် လုပ်ရမည်ဖြစ်ပြီး မိမိတို့ မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ ရဲဘော်၊ ရဲဘက် အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိက လုပ်ဆောင်ကြရန် ယာယီသမ္မတက တိုက်တွန်းထားသည်။

“နောက်ပြီးတော့ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့စည်းတဲ့ အခါမှာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော်အမြင်အားကောင်းသူတွေလည်း ပါ၀င်ဖို့ လိုတယ်။ ဒါ့အပြင် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့အတွေ့အကြုံရှိသူတွေလည်းပါ၀င်စေသင့်တယ်လို့ယူဆပါတယ်။ ဒီလို ပါ၀င်လုပ်ဆောင်မယ့် သူတွေဟာ တော်ရုံထူးချွန်ရုံ သက်သက်မဟုတ်ဘဲ နိုင်ငံနဲ့ တော်လှန်ရေးပေါ်မှာ စေတနာစိတ်ထားသူတွေလည်းဖြစ်ဖို့လိုပါတယ်” ဟု ယာယီသမ္မတကဆိုသည်။

နွေဦးတော်လှန်ရေးအောင်ပွဲသည် စစ်ရေးအောင်နိုင်မှုနှင့် နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထားရေးအပေါ် မူတည်နေကြောင်း၊ ထို့ကြောင့် ခုခံတော်လှန်စစ်တွင် ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုများ ရအောင်လည်း ကြိုးစားရမည့်အပြင် ပြည်တွင်း နိုင်ငံရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင်လုပ်ထားရမည်ဖြစ်ပြီး၊ ပြည်ပနိုင်ငံများထဲမှ မိတ်ဆွေ နိုင်ငံများ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရမည်ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ