ပြည်တွင်း၌ စစ်ဘေးဒုက္ခသည် အမြောက်အမြားရှိနေသလို၊ နေ့စဉ်သောက်စားပျော်ပါးနေသည့် လူအုပ်စုများလည်း အများအပြားရှိနေကြောင်း ယာယီသမ္မတ ပြောကြား

Author လင်းခိုင်
Categories
Published on Jan 17, 2023

 

ပြည်တွင်း၌ စစ်ဘေးဒုက္ခသည် အမြောက်အမြားရှိနေသလို၊ နေ့စဉ်သောက်စားပျော်ပါးနေသည့် လူအုပ်စုများလည်း အများပြားရှိနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင်ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယာယီသမ္မတက ပြောကြားရာတွင် နိုင်ငံတွင်း ပြည်သူလူထု၏ နေ့စဉ် လူမှုစီးပွားရေးဘ၀ ကွာဟချက် ကြီးမားလာသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပြသနာနှင့် လက်နက်ကိုင် အကျပ်အတည်းကြားထဲ၌ ယိုယွင်းပျက်စိးလာသည် ပြည်သူ့ဘ၀ များစွာရှိကြောင်း၊ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကို အကြောင်းပြုပြီး နဂို မူလအခြေအနေထက် ပိုမိုချမ်းသာသွားသည့် စစ်အုပ်စု အပေါင်းအပါအချို့လည်းရှိနေသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးသည် ပြည်သူလူထု၏ အထွေထွေ စား၀တ်နေရေးနှင့် ကျန်းမာရေး အဆင့်အတန်း ကျဆင်းလာကြောင်း၊ တိုင်းပြည် အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ် ရင်သွေးများအတွက် ရင်သွေးများအတွက် ပညာရေးလျှောက်လမ်းများ ပျက်စီးယိုယွင်းခဲ့ကြောင်း၊ NUG အစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်း ခုံခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲ၀င်နေသလို တစ်ဖက်တွင်လည်း ပျက်စီးယိုယွင်းနေသည့် လူမှုဘ၀အခြေအနေများ ပြန်လည် တည့်မတ်ရန် ကြိုးစားနေသည်ဟု ယာယီသမ္မတက ပြောကြားသည်။

“လက်ရှိ နိုင်ငံတွင်း အခြေအနေကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူတွေ အမြောက်အမြားရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အများ ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေကို ကရုဏာသက်ပြီး အခြားတစ်ဖက်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့အမျှ လူတန်းစား ကွာဟလာတဲ့ အခြင်းရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

တစ်ဖက်တွင်လည်း တော်လှန်ခုခံနေသည့် သူများရှိနေသလို ၊ အခြားတစ်ဖက်တွင်လည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရသည့် သူများရှိကြောင်း၊ ယခုကဲ့သို့ လက်ရှိပြည်သူများ၏ ဖြစ်ရပ်တချို့ကို NUG အစိုးရအဖွဲ့၀င်များ အနေဖြင့် သတိထားမိစေချင်ကြောင်း ယင်းက ပြောကြားသည်

“ တော်လှန်ရေး ၂ နှစ်တာကာလမှာ နေ့စဉ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူတွေရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ် ပြင်းပြမှုတွေကို ကျွန်တော်တို့အနေနဲက တွေးမိတိုင်း ဦးညွတ်ပါတယ်။ ဒါဟာတကယ် လက်တွေ့မှာ ကာယကံမြောက် လုပ်နိုင်ဖို့မလွယ်ပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှု တွေကြောင့် သေမထူး ၊ နေမထူးဖြစ်သွားကြတဲ့ ပြည်သူတွေလည်း အညာဗမာပြည်မှာ များပြားလာနေတာ ကိုတွေ့ရပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။

NUG အစိုးရအနေဖြင့် စစ်ကောင်စီကို ချေမှုန်းပစ်ရေးသည် ပထမဦးစားပေးဖြစ်ပြီး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးသည်လည်း ပထမဦးစားပေးဖြစ်သည်ကို သတိပြုရန်လိုကြောင်း၊ NUG အစိုးရ၏ ဖြစ်တည်မှုသည် ပြည်သူလူထု အကျိုးစီးပွားအပေါ် အခြေခံပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ညာဘက်လက်နှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှုကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်ဖြင့် လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်မှုကို ကိုင်ဆွဲသင့်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ