ပြည်တွင်းထုတ်ဟုဆိုသော မဲပေးစက်ဖြင့် ဒု-စစ်ခေါင်းဆောင်နှင့် ကာကွယ်ရေးဝန်ကြီးတို့ စမ်းသပ်မဲပေး၊ စစ်ကောင်စီဝန်ထမ်း ၆၅၀၀ နီးပါးစမ်းသပ်မဲပေးခဲ့ရာတွင် စက်ချို့ယွင်းချက်တစ်ခါမျှမဖြစ်ဟုဆို

Published on Sep 08, 2023

စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့တီထွင်ထားသည်ဟုဆိုသော MEVM မဲပေးစက်များဖြင့် စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီးတို့ စမ်းသပ်မဲပေးခဲ့ကြောင်း ရွေး/ကော်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စမ်းသပ်မဲပေးရာသို့ စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းတို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစတင်၍ MEVMs((Myanmar Electronic Voting Machines) စက်များဖြင့် မဲပေးခြင်းသရုပ်ပြလေ့ကျင့်မှုများကို နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရုံးများတို့၌ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ကအထိ ဝန်ကြီးဌာနများအပါအဝင် အစိုးရအဖွဲ့အစည်းပေါင်း (၃၃)ခု၌ အမှုထမ်း၊ အရာထမ်း ၆၅၀၀ ဦးနီးပါးအထိစမ်းသပ်မဲပေးခဲ့ရာတွင် မည်သည့်အမှားအယွင်းမျှဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းသို့စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့သည့် ဌာနတိုင်းလိုလိုတွင် စစ်ကောင်စီခန့်ရွေး/ကော်တာဝန်ရှိသူများက “ခေတ်နှင့်လျော်ညီစွာ နည်းပညာအကူအညီများရယူ၍ ပြည်တွင်းပညာရှင်များဖြင့် MEVM စက်များကို တီထွင်ဖန်တီးထုတ်လုပ်ထားနိုင်သဖြင့် အဆင့်အတန်းမီသော ရွေးကောက်ပွဲများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း”ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

စစ်ကောင်စီရွေး/ကော်က MEVMs စက်ကို ပြည်တွင်းရှိကျွမ်းကျင်နည်းပညာရှင်များဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး MEVM စက်များကို အသုံးပြုခြင်းဖြင့် တိတိကျကျဖြင့် ပယ်မဲများမရှိဘဲ အကျိုးရှိရှိဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ EVMs စက်များသည် Control Unit, Balloting Unit, Verification Unit စသည့် Item(၃)မျိုးပါဝင်ပြီး အိန္ဒိယ၏ EVMs စက်များနှင့်တူညီကြောင်း ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုပြီးစီးပါက ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောဆိုထားသည်။