ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ခင်ရီနှင့် အမျိုးတော်စပ်သူ ရဲအုပ်တင်ကိုလင်းကို ရဲတပ်သားက သေနတ်ဖြင့် ပြန်ပစ်

Author လင်းခိုင်
Categories
Published on Nov 04, 2022

 

ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ခင်ရီ (ယခင် ရဲချုပ်) နှင့် အမျိုးတော်စပ်သူ ရဲအုပ်တင်ကိုလင်းကို တပည့်ဖြစ်သူ ရဲတပ်သားမှ သေနတ်ဖြင့် ပစ်သတ်မှု နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့၊ ဂူတာပြင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် ရဲတပ်ရင်းအတွင်း လာဘ်ငွေခွဲယူရာ၌ ရဲတပ်သားမှ မကျေနပ်သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

“တပည့်လုပ်သူက ခေါင်းကို တည့်တည့် ပြန်ပစ်တာ၊ အရက်မူးနေတဲ့အချိန် သူတို့ အချင်းအချင်း အဝေမတည့်တော့ ပစ်သတ်ခံလိုက်ရတာ။ သူက အရင်ထဲက လာဘ်ယူလို့ အမည်ဆိုးနဲ့ နာမည်ကြီးထားတဲ့သူတစ်ယောက်” ဟု ရဲအုပ်တင်ကိုလင်းနှင့် နီးစပ်သူ တစ်ဦးက CJ Platform သို့ ပြောကြားသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဒုရဲအုပ် တင်ကိုလင်းသည် ယခင်က ဧရာဝတီတိုင်း မြောင်းမြမြို့တွင် နယ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ လာဘ်စားသည့်အတွက် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။

“အမည်ဆိုးနဲ့ အရမ်း နာမည်ကြီးတာ၊ သူက ခင်ရီနဲ့ အမျိုးဆိုတော့ အရင်က နယ်ပြောင်းတွေမှာ သူနဲ့ အပတ်စဉ်တူတွေသာ နယ်တွေပြောင်းရတယ် သူက မြောင်းမြမှာပဲ နေပြီး ရာထူးတိုးတိုးနေတာ၊ NLDအစိုးရလက်ထက်မှာ လာဘ်စားတာ အတိုင်ခံရပြီး ရခိုင်ကို ရောက်သွားတာ သုံးနှစ်လောက်ရှိပြီ” ဟု မြောင်းမြမြို့ခံတစ်ဦးက CJ Platform သို့ အတည်ပြုပြောကြားသည်။

လာဘ်ငွေခွဲယူရာတွင် အဝေမတည့်မှုကြောင့် အသတ်ခံရသူ ရဲအုပ် တင်ကိုလင်းသည် အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံထားရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။

Related News

Depend on news