ပြည်ကြီးတံခွန် စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက် အုပ်ချုပ်ရေးမှူး အပါအဝင်နှစ်ဦးသေ ဒဏ်ရာရသူများပြား

Author အောင်နိူင်သူ
Categories
Published on Oct 31, 2022

ပြည်ကြီးတံခွန်မြို့နယ် စ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများ ရှိသည်ဟု မြို့ခံများထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စ ရပ်ကွက် ၁၂၃ လမ်းနှင့် ၅၈လမ်းကြားမှာရှိသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဗုံးက ရုံးထဲကျပြီးပေါက်တာ အုပ်ကြီးနဲ့ဆယ်အိမ်မှူးတစ်ယောက်သေတယ်လို့ ကြားတယ် ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် လူနာတင်ယာဥ်တွေနဲ့ လာသယ် တာ”ဟု ပြောသည်။

ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများရှိပြီး စာရင်းအတိအကျကို မသိရကြောင်း ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောသည်။

“သေတဲ့သူရော ဒဏ်ရာရတဲ့သူရောရှိတယ် ဘယ်သူသေတယ် ဘယ်သူဒဏ်ရာရတယ်ဆိုတာကိုပဲ မသိတာ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များနှင့် ရဲများသည် ဗုံးပေါက်ကွဲသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း တပ်စွဲထားပြီး ၁၂၃ လမ်းနှင့် ၅၈လမ်း တွင် ကား၊ဆိုင်ကယ်နှင့် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

စ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ဗုံးခွဲတိုက်တိုက်ခိုက်မှုကို Anonmous Force MDY၊ Mandalay Youngs Force Trust Keeping Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်သည်ဟု လူမှုကွန်ရက်စာမျက် နှာတွင် ထုတ်ပြန်ထားသည်။