ပြည်ကြီးတံခွန်မြို့အနီး ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
                
                
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၏ အနောက်-အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ဒသမ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ငလျင်လှုပ်ခတ်မှုကို ပြည်ကြီးတံခွန်မြို့အပြင်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အမရပူရ၊ ပုသိမ်ကြီး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ မေမြို့အစရှိသည့် မြို့နယ်များတွင် နေထိုင်သူများ ခံစားခဲ့ကြောင်း သိရသည်။
“ ငလျင်လှုပ်တာက စက္ကန့်ပိုင်းလေးကို အတော် သိသိသာသာ ခံစားလိုက်ရတယ်။ ပြီးခဲ့တဲ့ လတုန်းက လှုပ်သလောက်တော့ အရမ်းမပြင်းဘူး” ဟု မန္တလေးမြို့ခံ တစ်ဦးက CJ Platform သို့ ပြောကြားသည်။
ယမန်နှစ် ဒီဇင်ဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၅ဒသမ၂ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း အစရှိသည့်မြို့များတွင် ဘုရားစေတီပုထိုးများ မြေခခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ဒီဇင်ဘာလအတွင်း စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှ အင်အား အသင့်အတင့် ငလျင်နှင့် အင်အားအနည်းငယ်ရှိ ငလျင်များ ၁၀ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။
ယခုကဲ့သို့ စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ မကြာခဏလှုပ်ခတ်နေခြင်းသည် ငလျင်ကြီး၏ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ခြင်းကြောင့် ငလျင်အန္တရာယ်ကို သတိပြုရန် ငလျင်ပညာရှင်များက သတိပေးပြောကြားထားသည်။
ပုံစာအညွှန်း-မန္တလေးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသည့်မြင်ကွင်း(ပုံအဟောင်း)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပြည်ကြီးတံခွန် #ငလျင်
