ပြည်ကြီးတံခွန်မြို့နယ်က မောသစ်ရွှေဆိုင် သုံးကြိမ်မြောက် ဓားပြတိုက်ခံရ

Author ကိုပေါက်
Categories
Published on Dec 20, 2022

ပြည်ကြီးတံခွန်မြို့နယ် စလုံးစျေး မြောက်ဘက်တိုက်တန်းတွင် ဖွင့်လှစ်ထားသည့် မောသစ်ရွှေဆိုင်၌ ယနေ့ နံနက်ပိုင်းက သုံးကြိမ်မြောက်ဓားပြတိုက်ခံရသည်ဟု မြို့ခံတွေဆီက သိရသည်။

ရွှေဆိုင်ဖွင့်လှစ်ရန် နေအိမ်ကနေထွက်လာသည့် ဆိုင်ပိုင်ရှင်ကို အမျိုးသားနှစ်ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ ရွှေထည်များကို လုယူသွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“သူဆိုင်တောင် မရောက်သေးဘူး နေအိမ်ရှေ့မှာ လုသွားတာ ရွှေတွေပါသွားတယ် အတော်များတယ်လို့ ပြောနေကြတယ် ဘယ်လောက်ပါသွားလဲတော့ မသိဘူး”ဟု ပြောသည်။

လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများရောက်လာကာ စစ်ဆေးမှုအချို့ပြုလုပ်ခဲ့ပြီး စလုံးစျေးအနီးတဝိုက်တွင် စစ်ဆေးမှုအချို့ပြုလုပ်ခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ဒီဆိုင်က အလုခံရတာသုံးကြိမ်ရှိပြီ ဒုတိယအကြိမ်တုန်းကဆို ဝန်ထမ်းတစ်ဦး သေနတ်မှန်တယ် ပထမအကြိမ်တုန်းက အမျိုသမီးတစ်ဦးထိတယ် အခုကတော့ လူဘာမှမဖြစ်လို့ တော်သေးတယ်”ဟု ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် စလုံးစျေးတွင် ဖွင့်လှစ်ထားသည့် မောသစ်ရွှေဆိုင်ကို ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၇ ရက်က ဓားပြတိုက်ခံရပြီး ရွှေ(၆၅) ကျပ်သားနှင့်ငွေသားသိန်း ၁၁၈၀ ပါသွားခဲ့သည်။

အလားတူပင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံဓားပြတိုက်ခံခဲ့ရာတွင် ရွှေတစ်ပိသာနှင့်
ငွေသားသိန်းခြောက်ဆယ်ကျော် ပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်မှု၊ လုယက်မှု ဖြစ်စဥ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို စစ်ကောင်စီတပ်နှင့် ရဲများကဖမ်းဆီးရမိခြင်း မရှိသေးပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #ပြည်ကြီးတံခွန် #မောသစ်ရွှေဆိုင် #ဓားပြတိုက်