ပြင်းအားမြင့် ငလျင်ကြောင့် ဂျပန်တွင် ၁၅ ဦးထက်မနည်းသေဆုံး အမေရိကန်နှင့် အင်္ဂလန်တို့ လိုအပ်သည်များ ကူညီမည်ဟု ခေါင်းဆောင်များဆို
ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသနှင့် အချက်အခြာကျသောနေရာများတွင် ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် သေဆုံးသူဦးရေထပ်မံတိုးပွားလာဖွယ်ရှိသည်ဟု ဂျပန်အာဏာပိုင်များ၏ ပြောဆိုမှုကို ကိုးကား၍ CNN သတင်းတွင် ဖော်ပြသည်။
၇ ဒသမ ၅ ရစ်ချ်စတာ စကေး ပြင်းအားရှိငလျင်သည် ယမန်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် အီရှီကာဝါ ပြည်နယ်စုကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ယင်းငလျင် မလှုပ်ခတ်မီ နာရီပိုင်းအလို၌ ဂျပန်၏ အချက်အခြာကျသော နေရာများတွင် ငလျင်အသေးစား အကြိမ် ၂၀ ထက်မနည်းလှုပ်ခတ်ခဲ့ကြောင်း ဂျပန်ဒေသတွင်းမီဒီယာများ ၏ဖော်ပြချက်အရ သိရသည်။
ပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် အီရှီကာဝါပြည်နယ်နှင့်အနီးရှိ မြို့များတွင် နေအိမ်များပြိုကျပျက်စီးခြင်း၊ လမ်းများပျက်စီးခြင်း၊ လျှပ်စစ်မီးများပြတ်တောက်ခြင်း စသည့်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့်အပြင် ပြိုကျသည့် အဆောက်အအုံများကြားပိတ်မိကာ သေဆုံးခဲ့ရသည့် ဂျပန်ပြည်သူဦးရေသည် ၁၅ ဦးထက်မနည်းရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
ကူညီကယ်ဆယ်ရေးအင်အား ထောင်ချီအသုံးပြုကာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသဖြင့် အပျက်အစီးများကြား ပိတ်မိနေသူများနှင့် သေဆုံးသူများ ထပ်မံတိုးပွားလာဖွယ်ရှိသည်ဟုလည်း ဂျပန်အာဏာပိုင်များ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
ထိုပြင်းအားမြင့်ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က “ အမေရိကန်အနေနဲ့ ဂျပန်အတွက် လိုအပ်တဲ့ ဘယ်လိုအကူအညီကိုမဆိုပေးဖို့ အသင့်ရှိနေပါတယ်” ဟု ပြောကြားခဲ့သကဲ့သို့ အင်္ဂလန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ကလည်း “ဂျပန် ဝန်ကြီးချုပ်က UK ရဲ့ သူငယ်ချင်းကောင်းဖြစ်ပါတယ်။ အင်္ဂလန်က ဂျပန်ရဲ့ဆိုးရွားလှတဲ့အတွေ့အကြုံအတွက် မျှဝေပေးဖို့ အတူရှိနေပါတယ်” ဟု နိုင်ငံပိုင်မီဒီယာများသို့ အသီးသီးပြောကြားခဲ့ကြသည်။
ငလျင်ဒဏ်ကြောင့် အီရှီကာဝါပြည်နယ်ရှိ နေအိမ် ၄၅,ဝ၀ဝ ကျော်အထိ လျှပ်စစ်မီးများပြတ်တောက်နေပြီး ကနဦး ထွက်ပေါ်ထားသော နောက်ဆက်တွဲ ဆူနာမီသတိပေးမှုများကြောင့် ပြည်သူ သောင်းချီမှာ ဘေးလွတ်ရာ ကုန်းမြင့်ဒေသများသို့ ရှောင်တိမ်းနေရမှုများလည်းရှိနေကာ လိုအပ်သော စားနပ်ရိက္ခာများ၊ သောက်ရေနှင့် အအေးဒဏ်ကာကွယ်ရန် စောင်များကို ဒေသအာဏာပိုင်များမှ ထောက်ပံ့ပေးထားရကြောင်း BBC ကမ္ဘာ့သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ယခုအခါကမ်းရိုးတန်းဒေသများတွင် ပြင်းအားမြင့် ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ ဆူနာမီဖြစ်လာနိုင်ပြီး အမြင့်ပေ ၅ မီတာ ပေအားဖြင့် ၁၆ ပေ အမြင့်ရှိ လှိုင်းများ ကမ်းရိုးတန်းဒေသများသို့ ထပ်မံ ရိုက်ခတ်နိုင်သောကြောင့် သတိပေးမှုများထုတ်ပြန်ထားသော်လည်း ယမန်နေ့ညပိုင်းတွင် ရိုက်ခတ်ခဲ့သည့် အကြီးဆုံးပင်လယ်လှိုင်းလုံး အမြင့်အရ ၁ ဒသမ ၂ မီတာ ပေအားဖြင့် ၄ ပေသာရှိသဖြင့် ဆူနာမီသတိပေးချက်မှ အကြံပေးချက်အဖြစ်သို့ လျှော့ချထုတ်ပြန်ထားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – CNN