ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် လိုက်ထရပ်ကားက ရပ်ထားသည့်ကားကိုဝင်တိုက်ပြီး မြောင်းထဲထိုးကျ၊ သုံးဦးသေဆုံး
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီးပေါ် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ယနေ့နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားသုံးဦးသေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်က မန္တလေး-လားရှိုးလမ်းမ မိုင်တိုင်အမှတ်(၁၈/၄)မိုင်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် Light Truck ယာဉ်သည် အဆင်းလမ်းညာဘက်ခြမ်းတွင်ရပ်ထားသော KIA အမှတ်တံဆိပ် ဆလွန်းကားကို နောက်မှ ဝင်တိုက်မိပြီး အနက်(၁၀)ပေခန့်ရှိ မြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦးအပါအဝင် ၇ ဦးအနက် အမျိုးသား သုံးဦးသေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး စိုးရိမ်ရကာ ကျန်အမျိုးသား သုံးဦးမှာ(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုသူတို့ကို စေတနာမွန်အုန်းချောလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့သို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု ပါဝင်ကူညီခဲ့သူများက ဆိုသည်။
ထိုဖြစ်စဉ်သို့ ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။