ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ၂၂ဘီးယာဥ်နှင့် ၆ဘီးယာဥ်တိုက်ရာ ကိုးဦးသေ နှစ်ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Aug 28, 2022

 

#CjPlatform

*အောင်နိူင်သူ

ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းတွင် ၂၂ ဘီးယာဥ်နှင့်၆ဘီးယာဥ်နှစ်စီး ယနေ့ညပိုင်းတွင် တိုက်မိရာ ကိုးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းတွင် ယနေ့ည ၉နာရီခန့်က ၂၂ဘီးယာဥ်နှင့် ဆယ်ပေ ကန်တာအမျိုးအစား ၆ဘီးယာဉ်တို့ တိုက်မိရာမှ အခုလို သေဆုံးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါယာဥ်တိုက်မှုကို သွားရောက်ကူညီပေးရာတွင် အခင်းဖြစ်ရာနေရာတွင် ငါးဦးပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ပြင်ဦးလွင်နာရေးကူညီမှုအသင်းက ပြောသည်။

“ငါးဦးက အခင်းဖြစ်တဲ့နေရာမှာသေတယ် လမ်းမှာတစ်ယောက်သေတယ် ဆေးရုံ အရေးပေါ်ဌာနမှာတစ်ယောက်သေတယ် ကိုးနာရီနှစ်ဆယ်လောက်မှာ နှစ်ယောက်သေတယ် အားလုံးသေဆုံးသူကိုးဦးရှိတယ်”ဟု CJ Platform သို့ ရှင်းပြသည်။

သေဆုံးသူမှာ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးသုံးဦးဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ကို ပြင်ဦးလွင်ဆေးရုံမှ တဆင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်နေသည်ဟု ပြင်ဦးလွင်နာရေးကူညီမှုအသင်းမှ သိရသည်။

လက်ရှိအခြေအနေတွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မိသားစုများနှင့် ဆက်သွယ်နိူင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းနေကြသည်ဟု မြို့ခံတွေဆီကသိရသည်။

နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယာဥ်တိုက်မှုပေါင်း ၃၅၃၃မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၈၀၁ဦးရှိပြီးသေဆုံးသူ ၁၇၃၀ ဦးရှိကြောင်း မြန်မာနိူင်ငံယာဥ်ထိန်းရဲတပ်ဖွဲ့မှ ပြီးခဲ့သည့်လက ထုတ်ပြန်ထားသည်။

#ပြင်ဦးလွင် #ယာဉ်တိုက်မှု #၉ဦးသေ

Related News

Depend on news