ပြင်ခရိုင်ကျေးရွာတွင် လေ့လာရေးခရီးနှင့် ငွေကြေး ပေးမည်ဟုဆိုကာ ပြည်သူ့စစ်လုပ်ရန် ကျောင်းသားများကို စစ်ကောင်စီ စည်းရုံးနေ

Author လင်းနွေဦး
Categories
Published on Jan 21, 2024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု အတွင်းရှိ စာသင်ကျောင်းများ၌ စစ်ကောင်စီလက်အောက်ခံ ဟိုင်းကြီးကျွန်း အခြေစိုက်ရေတပ်ရှိ ရေတပ်သားများမှ လေ့လာရေးခရီးနှင့် ငွေကြေးများ ပေးမည်ဟု ဆိုကာ ပြည်သူ့စစ်ထဲ ဝင်ရန် ကျောင်းသားများကို လိုက်လံ စည်းရုံးနေသည်ဟု ပြင်ခရိုင် ဒေသခံတစ်ဦးမှ CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နတ်တလင်း မြို့ နှင့် အခြားသော မြို့နယ်များ၌ ပြည်သူ့စစ်လုပ်ရန် ပြည်သူများအား အတင်းအကြပ် မဲနှိုက် စုဆောင်းမှုများ ပြုလုပ်နေသော စစ်ကောင်စီသည် ယခုအခါ ၎င်းတို့ နယ်မြေစိုးမိုးထားနိုင်သည့် ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းစပ် မြို့နယ်များ၌ပါ ထပ်မံ စည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

 

‘’ကိုကြီးတို့ ဆီမှာ ဟိုင်းကြီးရေတပ်က ကောင်တွေ ကလေးတွေကို လေ့လာရေးခရီးခေါ်မယ် စရံ(ငွေကြေး)ပေးမယ်ဆိုပြီး ကျောင်းတွေမှာ လိုက်စည်းရုံးနေတာ။ကျောင်းပြီးရင် လာခေါ်မယ် ခုတင်လိုက်ရင် စရံရမယ် ဆိုပြီး ပြောတယ်။ စရံက ဘယ်လောက်လဲ တော့သေချာမသိဘူး။ အဲ့ဒါကို လိုက်ဖို့ စိတ်ဝင်စားတဲ့ ကလေးတွေကလည်း ရှိနေတယ်” ဟု အသက် ၄၅ နှစ် အရွယ် ပြင်ခရိုင် ဒေသခံ တစ်ဦးမှ ​ပြောသည်။

 

မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်ခြင်းကို ခုခံနေရသည့်  စစ်ကောင်စီသည် တပ်စခန်းအများအပြား လက်လွှတ်ရခြင်း၊ ၎င်းတို့၏တပ်သား သေဆုံးမှု များပြားလာခြင်းအပြင် ၊အရာရှိ စစ်သည်များ မှ ဦးဆောင်၍ တပ်ရင်းတပ်ဖွဲ့ များအလိုက် လက်နက်ချကာ ပြည်သူ့ရင်ခွင် ခိုလှုံမှုများ တစတစ ပိုမိုများပြားမှုများကြောင့် လက်နက်ခဲယမ်းနှင့် စစ်သည်အင်အား ဖြည့်တင်းရန် အချိန်မရတော့ခြင်းတို့အား လတ်တလော ဖြေရှင်းရန် ရည်ရွယ်၍  ယခုကဲ့သို့ လူငယ် ကျောင်းသားများ အား ပြည်သူ့စစ်ထဲ ဝင်ရန် ငွေကြေးများဖြင့် မက်လုံးပေး စည်းရုံးနေခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – ပြင်ခရိုင်သားများဆုံဆည်းရာ Facebook

 

ပုံစာညွှန်း – ပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများ ဦးဆောင်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲ ကျင်းပနေပုံ