ပျောက်ဆုံးနေသော လူငယ်မှ ကန်တော်ကြီးရေပြင်၌ မြှုပ်ခံထားရကြောင်း မိသားစုဝင်အား ဝင်ပူး ပြောသဖြင့် ရှာဖွေရာ အလောင်းတွေ့ရှိ

Author မေ
Categories
Published on Nov 17, 2022

ပျောက်ဆုံးနေသည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သော လူငယ်က မိမိအား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး ရေပြင်၌ မြှုပ်ခံထားရကြောင်း မိသားစုအား ဝင်ပူး၍ ပြောကြားချက်အရ ရှာဖွေကြရာ အလောင်းအား ယနေ့ (နိုဝင်ဘာ ၁၇)ရက်၌ ရှာတွေ့ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည်ဆိုသော လူငယ်မှာ အသက် ၂၃နှစ် အရွယ်ရှိကာ ပျောက်ဆုံးနေသည်မှာ နှစ်လခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပျောက်ဆုံးနေစဉ်အတွင်း မိသားစုဝင် တစ်ဦးအား ဝင်ပူးကာ ကန်တော်ကြီး ရေအောက်၌ အလောင်းအား စွန့်ပစ်ခံထားရကြောင်း ပြောကြားခဲ့ဟု သိရသည်။

ထို့နောက် မိသားစုမှ ပရဟိတအဖွဲ့များအား အကူအညီတောင်းကာ နိုဝင်ဘာ ၁၂ရက်မှ စတင်ရှာဖွေခဲ့ကြသည်။ ယနေ့ မနက်ပိုင်း၌ ပျောက်ဆုံးနေသော လူငယ်ဒ အလောင်းအပိုင်းအစအား ကန်တော်ကြီး ရေပြင်၌ ရှာတွေ့ခဲ့ကြောင်း သိရသည်။

” ပျောက်နေတာက နှစ်လလောက်ရှိပြီလို့ သူ့ မိသားစုကပြောတယ်။ ပျောက်လို့ရှာနေရင်း မိသားစုဝင် တစ်ဦးကို ပူးပြီး ကန်တော်ကြီး ရေအောက်မှာ မြှုပ်ခံထားရတယ် ပြောလို့ နိုဝင်ဘာ ၁၂ရက်ထဲက ရှာကြတာ။ ဒီမနက်တော့ ကန်တော်ကြီး ရေပြင် အတွင်း အလောင်းရှာတွေ့ခဲ့ပါတယ်”ဟု ကူညီပေးခဲ့သည့် ဒို့ညီနောင် နာရေးနှင့် လူမှုကူညီ ဆောင်ရွက်ရေး အသင်းမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရှာတွေ့ခဲ့သည့် အလောင်းအား မိသားစုနှင့် တိုင်ပင်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဒို့ညီနောင် နာရေးနှင့်လူမှုကူညီရေးအသင်း