ပျူရွာနှစ်ရွာ၊စစ်တပ်နှစ်ခုကြားက”ပုလဲနယ်”

Author မျိုးထက်လှသော်
Categories
Published on Nov 22, 2022

 

အညာဒေသ၏ ပူအိုက်လှသည့် ရာသီဥတုကြောင့် ညဥ့်နက်သည်အထိ အိပ်မရ။ချွေးတစ်လုံးလုံးနှင့် ခဏခဏရေဆာသည့် ဒဏ်ကြောင့်လည်း ပါသည်။အိပ်မရတဲ့အဆုံး ဖုန်းသုံးရန် ဖုန်းဖွင့်လိုက်သည်။အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ရှိတော့မည်ဖြစ်သည်။

“ဝုန်းးး အုန်းးးး”

ရောက်တတ်ရာရာ ဖုန်းကလိနေရင်းက ကျယ်လောင်သည့် နှစ့်ဆင့်ဆက်တိုက် ပေါက်ကွဲသံကြားလိုက်ရသည်။ပုလဲနယ်ကို စရောက်သူ ကျွန်ုပ်အဖို့ ထိတ်လန့်တစ်ကြား အိမ်အပြင်ဘက် ထွက်ကြည့်လိုက်သည်။မကြာခင် ရပ်ရွာကာကွယ်ရေး local အဖွဲ့အစည်းများ အချင်းချင်း ပြောဆိုဆက်သွယ်သံများကို ကြားလိုက်ရသည်။

“အနောက်တောင်ဘက်က အသံထင်တယ်”

“နှစ်ဆင့်ကွဲတာဆိုတော့ ဒို့ဘက်က အလုံးကွဲတာနေမှာ”

“ပကဖ ကိုအကြောင်းကြားပြီးပြီလား” စသည့်ပြောဆိုဆက်သွယ်သံများကြားလိုက်ရသည်။

ရပ်ရွာလူထုအနေနှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်းမရှိ။ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့ရသည်။

“ကျနော်တို့ ပုလဲနယ်က လက်နက်ကိုင်တော်လှန်ရေး စတုန်းကဆို အဲ့လိုမဟုတ်ဘူးဗျ။’ဝုန်းး’ဆိုတဲ့အသံကြားတာနဲ့ပြေးတော့တာ။အခုများတော့ အေးဆေးဘဲ။ဒီအသံတွေကို ရိုးသွားတာဗျ”ဟု local အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုလဲနယ်တွင် ဇီးဖြူကုန်း( မြောက်ဘက် )၊ အင်မထီး( တောင်ဘက် ) စသည့် ပျူရွာနှစ်ရွာရှိသည်။အဆိုပါပျူရွာများသည် ယခင်က စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူအများအပြားနေထိုင်သည့် ရွာများဖြစ်သည်။အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အဆိုပါရွာနှစ်ရွာကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်လိုက်သည့်အတွက် ပျူရွာများဖြစ်လာတော့သည်။

ပုလဲနယ်၏ အရှေ့ဘက် ပုလဲမြို့အတွင်း စစ်တပ်အထိုင်ချထားပြီး အနောက်ဘက် ကန်ဒေါင့်ရွာတွင်လည်း အထိုင်စစ်တပ်စခန်း ရှိသည်။

“ဇီးဖြူကုန်းနဲ့အင်မထီး ပျူ၂ရွာက ရိက္ခာကုန်ပြီဆို ပုလဲမြို့ပေါ်အထိုင်စခန်းကနေ စစ်ကြောင်းဝင်တယ်။စစ်ကြောင်းဝင်ပြီဆို ပျူနှစ်ရွာက ထွက်တယ်။ထွက်ပြီးတာနဲ့အနီးနားကရွာတွေဆီက ရိက္ခာ ၊ငွေကြေး ၊အသုံးအဆောင် အကုန်ယူတော့တာဘဲ။သူတို့ကို ပြန်တိုက်တဲ့ရွာဆို မီးလောင်တိုက်သွင်းတယ်။လူတွေ့ရင် ဖမ်းတယ်။ပေါ်တာဆွဲတယ်။ပြီးရင် အဲ့လူတွေကို မတွေ့ရတော့တာများတယ်။သတ်ပစ်တာလား ဖမ်းထားတာလား ဘာဆိုဘာမှ မသိရတာများတယ်။”ဟု ပုလဲမြို့နယ် ပကဖတာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးသည်ဟု သတင်းရပါက အနီးအနားရှိရွာသူရွာသားများအနေဖြင့် မြောက်ဘက်ကစစ်ကြောင်းထိုးလျှင် တောင်ဘက်ပြေးသည်။အရှေ့ဘက်ကစစ်ကြောင်းထိုးလျှင် အနောက်ပြေးရသည်။မပြေးနိုင်နိုင်ပါက ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည်။

စစ်ကြောင်းထိုးတိုက်ခိုက်မှုများကို ပုလဲနယ်အတွင်းရှိတော်လှန်ရေးအဖွဲ့အစည်းများက မောင်းပြန်ရိုင်ဖယ် အနည်းအကျဥ်း အပါအဝင် လက်လုပ်မိုင်းများ၊လက်လုပ်သေနတ်များဖြင့် ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်တပ်အနေဖြင့် အထိနာသည်။အကျအဆုံးများသည်။

ယခုအခါတွင် စစ်တပ်က ဗျူဟာပြောင်းလဲလာသည်။ခြေလျင်စစ်ကြောင်းမဝင်တော့။သတင်းအတိအကျရပါက သတင်းရသည့်နေရာကို Mi35ဖြင့် ဝဲပစ်သည်။ထို့နောက် ရဟတ်ယာဥ်ဖြင့် လူချကာ ဝင်ရောက်ဆီးနင်းသည်။

“အရင်ကလိုခြေလျင်စစ်ကြောင်းလာရင်တော့ ဒီကောင်တွေ အထိနာတယ်။ကျနော်တို့က ကြားဖြတ်တိုက်တာကိုး။ရှေ့ထွက်မိုင်း လေးငါးလုံးလောက်ဆို ဒီကောင်တွေအထိနာပြီ။အဲ့ဒါကြောင့် အခုဆို ခြေလျင်စစ်ကြောင်းမလာတော့ဘူး။သတင်းအတိအကျရရင် အဲ့နေရာကို ရဟတ်ယာဥ်နဲ့အရင်ပစ်တယ်။ပြီးရင် လူချတယ်။ကျနော်တို့ဘက်က ပြင်ဆင်ချိန်မရတော့ဘူးပေါ့။ပြီးတော့ လေယာဥ်ပစ်မရှိတဲ့အတွက်လည်း ကျနော်တို့ဘက်က အထိနာတာပေါ့။”ဟု ပုလဲမြိုနယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲမှ တပ်ရင်းမှူးတစ်ဦးက ပြောသည်။

ထိုသို့ စစ်တပ် ၂ခုနှင့် ပျူရွာ ၂ရွာကြားရှိ ပုလဲနယ်အတွင်းပိုင်းရွာများသည် မီးလောင်ပြာကျထားသည့် မီးလောင်ပြင်များသာ ကျန်ရှိတော့သည်။

ဓာတ်ပုံ- မျိုးထက်လှသော်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပုလဲနယ် #စစ်ဘေးရှောင် #ပျူစောထီး