ပျူရွာတိုက်ပွဲ (သို့မဟုတ်) အင်မထီးရွာအား ပူးပေါင်းပိတ်ဆို့ခြင်း

Author မျိုးထက်လှသော်
Categories
Published on Dec 02, 2022

 

သြဂုတ် ၉ရက်နေ့ ညဦးပိုင်းကတည်းက လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရသည်။ကျနော်ရောက်ရှိနေသည့်ရွာ၏ တောင်ဘက်မှဖြစ်သည်။တစ်ခါတစ်ရံ လက်နက်ကြီးကျသံ ကြဲသွားသလို တစ်ခါတစ်ရံ ခပ်စိပ်စိပ်ကြားရပြန်သည်။

“အင်မထီးတော့ ပွဲဖြစ်နေပြီ”

“ဘယ်အဖွဲ့ကပစ်နေတာလဲတော့ မသိဘူး။အသံကတော့ လက်လုပ်လက်နက်ကြီးသံဘဲ”

“ဟိုဘက်က ကောင်တာပြန်တယ််ထင်တယ်”

localအဖွဲ့ဝင်များ အချင်းချင်းပြောဆိုနေကြခြင်းဖြစ်သည်။တိကျသည့် သတင်းအစအနတော့ မရရှိသေးပေ။အညာဒေသ စရောက်ကတည်းက လက်နက်ကြီးသံကြားလျှင် ပြေးဖို့ရာ ပြင်ဆင်နေကျဖြစ်သည့် ကျနော် cameraအိတ်ကို ပြင်ဆင်နေမိသည်။

“ဘယ်မှပြေးစရာမလိုသေးဘူး ကိုမျိုးထက် အေးဆေးဘဲ ကျနော်တို့ဘက်က သွားပစ်နေတာ ပြေးရမယ်ဆိုရင် ကျနော်တို့ လာပြောမယ်”ဟု local အဖွဲ့က လူငယ်တစ်ဦးက ကျနော့်အားပြောသည်။

အနည်းငယ်စိတ်အေးသွားပြီးနောက် အိပ်ဖို့ရာ ပြင်ဆင်သည်။လက်နက်ကြီးသံ တစ်ချက် တစ်ချက်တော့ကြားရသေးသည်။သို့သော် လက်နက်ကြီးသံတွေနှင့် သိပ်မစိမ်းတော့သည့် အညာသားများနည်းတူ ကျနော်လည်း ကျင့်သားရသွားပြီဖြစ်သည်။

မနက် အိပ်ရာနိုးတော့ ကျနော်နေထိုင်ရာ ရွာ main လမ်းမကြီးပေါ်တွင် တပ်ရင်းတပ်ဖွဲ့များ သေနတ်ကိုယ်စီနှင့်သွားလာလှုပ်ရှားနေသည်ကိုတွေ့ရသည်။တိုက်ပွဲဝင်ရန်အသင့်အနေအထားရှိနေကြသည်။စိတ်ဓါတ်တတ်ကြွနေကြသည်။

“ဒီနေ့ အင်မထီးရွာကို ဝင်တိုက်မှာ။အဖွဲ့တွေကတော့ ပေါင်းစုံဘဲ။သတင်းသွားယူရအောင် လိုက်ခဲ့”ဟု ရွာပကဖ ခေါင်းဆောင်က ကျနော့်အားခေါ်သည်။

အင်မထီးတိုက်ပွဲဟုဆိုလိုက်သည်နှင့် ကျနော်လန့်သွားသည်။(ပုလဲစတင်ရောက်ရှိချိန် စစ်ကြောင်းဝင်၍ ကျနော်တို့ပြေးရချိန်တွင် လမ်းမှားကာ အင်မထီးပျူရွာနား ပြေးခဲ့ရဖူးသည်။ထိုအကြောင်း နောက်မှ ရေးသားဖော်ပြပါမည်။)

“ကျနော် လမ်းတွေမသိဘူးနော်။နည်းနည်းတော့ကြောက်တယ်။တစ်ခုခုဆို စောင့်ခေါ်ဦး”ဟု ကျနော်ကပြောရာ

“ဘာမှမဖြစ်ဘူး။ငါတစ်ယောက်လုံးပါတယ်။မင်းမသေစေရဘူး”ဟု ရွာ ပကဖခေါင်းဆောင်က အာမခံသည်။

မကြာခင် ရွာ ပကဖခေါင်းဆောင်နှင့်အတူ PDF တပ်ရင်း တပ်ဖွဲ့များ စစ်ပြင်ဆင်ရာ ရွာသို့ ဆိုင်ကယ်နှင့်ထွက်ခွာခဲ့သည်။အဆိုပါရွာ၏ရှေ့ တစ်မိုင်မပြည့်သည့်နေရာတွင် အင်မထီးရွာရှိသည်။သိပ်မဝေးပေ။

စစ်ပြင်ဆင်ရာရွာသို့ရောက်သည်နှင့် ပုလဲPDF၊local PDFအများအပြားကိုတွေ့ရသည်။ဆေးတပ်ဖွဲ့ဝင်များအပြင် လူနာတင်ယာဥ်ပါ ပြင်ဆင်ထားသည်ကိုတွေ့ရသည်။ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊People Revolution Army(P.R.A)၊ကျားသစ်နက်၊ဒေါင်းနက် စသည့်အဖွဲ့အစည်းပေါင်းစုံပါဝင်သည်။(တပ်ဖွဲ့များပြားသည့်အတွက် ကျန်ရှိနေနိုင်ပါသည်။)

ဗျူဟာခင်းပြီးနောက် အင်မထီးရွာအနီးချဥ်းကပ်ရန် တပ်ဖွဲ့များ စတင်ထွက်ခွာကြသည်။မောင်းပြန်ရိုင်ဖယ်များ၊လက်လုပ်ခါးချိုးသေနတ်များ(၉လုံးကျည်)၊တစ်တောင့်ထိုးသေနတ်များ(5.56,7.62) ကိုင်ဆောင်ကာ ချီတတ်သွားကြသည်။

၄င်းတို့နောက်တွင် လက်လုပ်လက်နက်ကြီးပြောင်းများ(အညာအခေါ် Mytel မမ)၊လက်လုပ် လက်နက်ကြီး အဖူးများ၊ယမ်းထုတ်များ ထမ်းပိုးကာ စတင်ထွက်ခွာနေကြသည်။

“တပ်ဖွဲ့တွေ ခဏလေးပါ။ကင်းထောက်အရင်လွှတ်ထားပါတယ်။ဒီဘက်ကပြောမှ တတ်ခဲ့ပါ။”ဟု ကင်းထောက်အဖွဲ့က စက်ပေါက်သည်။ရွာတောစပ်တွင် ခေတ္တထိုင်နားနေကြသည်။ထို့နောက်

“အော်တိုဂန်းသမားတွေ ရှေ့တတ်ခဲ့ပါ။ဖြည်းဖြည်းချင်းတတ်ပါ။ရထားလား” အော်တိုဂန်းကိုင်ဆောင်ထားသူများ ရှေ့ဆက်တိုးနေကြသည်။

မွန်းလွဲ ၂နာရီလောက်မှစတင်ကာ အင်မထီးရွာနားသို့ တပ်ဖွဲ့များ ဖြည်းဖြည်းချင်း ချဥ်းကပ်နေကြသည်။ဗျူဟာခင်းနေကြသည်။တိုက်ရန်ပြင်ဆင်နေကြသည်။ကျနော်နှင့်အတူ ရွာ ပကဖအဖွဲ့လည်း တပ်ဖွဲ့များနှင့် ခပ်ခွာခွာလိုက်ရင်း ချဥ်းကပ်နေသည်။

ညနေ၄နာရီအတိတွင် ဗျူဟာခင်းကာ အင်မထီးရွာအနီးနားသို့ ချဥ်းကပ်ပြီး တိုက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ကျနော်တို့အဖွဲ့ကတော့ လက်နက်ကြီးပစ်ကူနှင့် တစ်ခေါ်လောက်ရှိသည့် ပဲစင်းငုံခင်းအတွင်း အသံနားစွင့်ကာ ထိုင်စောင့်နေကြသည်။

မကြာမှီ လက်နက်ကြီးအဖွဲ့မှ “လက်နက်ကြီးပစ်မယ် ရဲဘော်တွေ ခေါင်းငုံ့ထားပါ တစ်လုံးစလွှတ်ပါပြီ”ဟု စက်ပေါက်ပြီးနောက် တိုက်ပွဲကို စတင်လိုက်သည်။အင်မထီးရွာပတ်လည်ကို ဝိုင်းထားသည့် လက်နက်ကြီးအဖွဲ့အသီးသီးက စတင်ကာ လက်နက်ကြီးများဖြင့် ဝိုင်းရံပစ်ခတ်ကြတော့သည်။

သို့သော် အင်မထီးရွာမှ ပျူများ ကောင်တာပြန်ပစ်ခတ်ခြင်းမရှိဘဲ ငြိမ်သက်နေကြသည်။မောင်းပြန်သေနတ်သမားများ ရှေ့ဆက်တိုးသည်။အနည်းငယ်ပစ်သည်။ရွာအတွင်းမှ ပြန်မပစ်ပေ။

ထိုနေ့တွင် ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်မရှိခဲ့ဘဲ အညာတော်လှန်ရေးအင်အားစုများကသာ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား မည်မျှထိခိုက်ခဲ့သည်ကိုတော့ မသိရှိရပေ။

ဓာတ်ပုံ- မျိုးထက်လှသော်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပျူစောထီး #နွေဦးတော်လှန်ရေးအတွင်းမှဘဝများ