ပျူစောထီး ဘုန်းကြီး ဦးဝါသဝမှ ကန့်ဘလူတွင် ဂန်းစတား ဆန်ဆန် ရွာစဥ်လှည့်ပြီး ပျူထဲ မဝင်ရင် ရွာမီးရှို့မည်ဟု လိုက်လံ ခြိမ်းခြောက်နေ

Author မွန်လေး
Categories
Published on Oct 25, 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သိမ်ရင်ဆည်အနီး ကျေးရွာများ၌ ပျူစောထီး ဘုန်းကြီး ဦးဝါသဝက ရွာစဥ် လှည့်လည်ပြီး ရွာသားများ ပျူစောထီးအဖွဲ့ထဲ မဝင်ပါက ရွာမီးရှို့မည်ဟု လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးအဖွဲ့များအား ဦး ဆောင်နေသည့် ပျူဘုန်းကြီး ဦးဝါသဝသည် လူမှုကူညီရေး အသင်းအဖွဲ့ ယာဥ်တစ်စီး၊ ပါရာဒို ဇိမ်ခံယာဥ်နှစ်စီး၊ ဆိုက်ကယ် ရှစ်စီးဖြင့် ကန့်ဘလူနယ်၊ သိမ်ရင်ဆည် အနီးတစ်ဝိုက် ကျေးရွာများ၌ ရွာစဥ်လှည့်လည် သွားလာနေသည်ဟု သိရသည်။

ယမန်နေ့က ၄င်းတို့အဖွဲ့သည် ငါတို့ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဒေသခံများအား ငါးရက်အတွင်း ပျူစောထီး အဖွဲ့ထဲဝင်ရန်နှင့် မဝင်ပါက ရွာကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

“” ၅ ရက်အချိန်ပေးမယ်။၅ ရက်အတွင်း ပြည်သူ့ စစ်(ပျူစောထီး)ထဲဝင်ဖို့ အကြောင်းမပြန်ရင် ရွာကလူတွေအသက်ကို အာမမခံဘူး။တရွာလုံး မီးရှို့ပစ်မယ်။ “ဟု ဒေသခံတစ်ဦးက ဒေသတွင်း သတင်းကွန် ယက် Infinity Group သို့ ဖြေထားသည်။

ဦးဝါသဝသည် စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့များကို ခေါင်းဆောင်နေသူ ဖြစ်ပြီး ဒေသခံများအား PDF မကောင်းကြောင်းများ ပြော၍ စစ်တပ် ထောက်ခံလာရန် စည်းရုံးပြောဆိုလေ့ ရှိသူတစ်ဦးလည်း ဖြစ်သည်။

၄င်းတို့ ပျူစောထီး အဖွဲ့များသည့် စစ်ကိုင်းတိုင်းအတွင် လူမဆန်သည့် အကြမ်းဖက်မှုများကို ကျူးလွန် လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ကလည်း ဦးဝါသဝ၏ တပည့် ပျူစောထီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ကျော်မျိုးနှင့်အင်အား ၃၀ ဝန်းကျင်ပါ အဖွဲ့သည် ညောင်သွယ်ကျေးရွာသို့ ရောက်လာခဲ့ပြီး ချိတ်ပိတ်ခံထားရသည့် ရွှေဘိုတက္ကသိုလ် မြန်မာစာမေဂျာ ဒုတိယနှစ်ကျောင်းသား ကိုအောင်မျိုးနိုင်၏ နေအိမ်ကိုလည်း ဖြိုဖျက်ယူဆောင် သွားကြောင်း သိရသည်။

ထို့ပြင် ကျော်မျိုးတို့အဖွဲ့သည် ညောင်သွယ်ရွာမှပင် SKAT ကားတစီး၊ဆိုင်ကယ်တွေများကိုလည်း လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက ပြောကြသည်။

ပျူဘုန်းကြီး ဦးဝါသဝ၏ တပည့် ကျော်မျိုးတို့ အုပ် စုသည် ကန့်ဘလူ-တန့်ဆည် မြို့နယ်အစပ်ရှိ တင် ကြီးကုပ်ကျေးရွာအုပ်စု၌ ခြေကုပ်ယူထားသည့် ပျူစောထီး အဖွဲ့ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ဦးဝါသဝ၏ တပည့် ပျူစောထီများသည် ကျေးရွာများကို လှည့်လည်ပြီး ဒေသခံများကို အနိုင်ကျင့်သည့် လုပ်ရက်များကို နေ့စဥ် ကျူးလွန်သည်ဟုလည်း သိရသည်။