ပျူစောထီးများ ထိန်းချုပ်ထားသည့် အင်းမထီးကျေးရွာမှ ထွက်ပြေးလာသည့် ပြည်သူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စောင့်ရှောက်ထား

Author မင်းထက်
Categories
Published on Dec 29, 2023

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ပျူစောထီးများ ထိန်းချုပ်ထားသည့် အင်းမထီးကျေးရွာမှ ထွက်ပြေး လွတ်မြောက်လာသူများကို  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကူညီစောင့်ရှောက်ထားကြောင်း ယင်းအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ဒီဇင်ဘာ ၂၈ရက်နေ့တွင် အသက် (၈၁) နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့်အတူ အသက်(၈၀)နှစ်အရွယ် အဖွားအိုတစ်ဦး၊ အသက်(၄၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အတူ အသက်(၁၆)နှစ်အရွယ်နှင့် အသက် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၅၈)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့်အတူ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း(၇)ဦးမှာ ပျူစောထီးများနှင့် အတူတကွ မနေထိုင်လိုသဖြင့် ထွက်ပြေးကာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ထွက်ပြေးလွတ်မြောက်လာသူ မိသားစုသုံးစုမှ (၇)ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆို၍ လိုအပ်သည့် အချက်အလက်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ၊ စစ်ဆေးမေးမြန်းပြီးနောက်  အေးချမ်းစွာနေထိုင်ရန်၊ စစ်ကောင်စီ၊ ပျူစောထီး၊ သူလျှိုဒလန်များနှင့်(လုံးဝ) ပတ်သက် ဆက်သွယ်ခြင်းမပြုရန်၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို ထိခိုက်စေသော အပြောအဆို၊ အပြုအမူများနှင့် သူလျှိုဒလန်ကဲ့သို့သော လုပ်ရပ်များ မပြုလုပ်ရန် နှင့် ပြုလုပ်မိပါက ပြင်းထန်သော အပြစ်ပေး အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း  ခံဝန်ကတိလက်မှတ် ရေးထိုးစေခဲ့ကာ လိုအပ်သည့် အဝတ်အထည်အသုံးဆောင်များနှင့် ငွေတစ်သိန်းခွဲကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

“သူတို့ထွက်ပြေးလာတဲ့ အကြောင်းအရင်းကလဲ သူတို့အတွင်းထဲမှာ ပိတ်လှောင်ခံထားရတယ်၊ လက်နက်ကိုင်နဲ့ မပက်သက်တဲ့သူတွေ  လွတ်လပ်စွာ သွားလာခွင့် ပိတ်ထားတာတွေရှိတယ် ၊ အဓိကပြဿနာက အစာရေစာကြပ်တည်းမှု၊ အပြင်မှာ ပြည်သူ့ထံက ရိက္ခာခိုးတာတွေ လုတာတွေမှာ မလိုက်တဲ့သူတွေက စျေးကြီးပေး ၀ယ်စားရတာတွေရှိတယ်၊ အပြင်က ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ပြီး လစ်ရင်လစ်သလို ကျွန်တော်တို့ထံ ဆက်သွယ် ၀င်ရောက်လာတာပါ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လူသားစာနာတာဝန်ခံက ပြောသည်။

 

ထို့ပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ၄င်းအင်မထီးပျူစောထီးကျေးရွာမှ အမျိုးသမီး၂ ဦးနှင့်အမျိုးသား ၁ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ခွင့်တောင်းခံလာခဲ့ကြောင်း ၊ လိုအပ်သည်များကို စစ်ဆေးမေးမြန်းကာ  နွေဦးတော်လှန်ရေးကို ထိခိုက်စေမည့် မည်သည့် အကြောင်းအရာကိုမျှ မပြုလုပ်ဘဲ အေးချမ်းစွာ နေထိုင်ရန် မှာကြားပြီး တစ်ဦးလျှင် ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ တီးတိမ်မြို့ အခြေစိုက် ခလရ  ( ၂၆၉ ) မှ ဒု – တပ်ကြပ်ဝေလင်း သည် MA 3 (၁)လက်၊ ကျည်ဘောက် ( ၅ )ခု ၊ ကျည် ( ၁၅၀ )  ၊ ၄၀ မမ ဗုံးသီး( ၁၀ ) လုံးနှင့် လက်ပစ်ဗုံး ( ၁ ) လုံး ယူဆောင်လာကာ CDM ပြုလုပ်ခဲ့ကြောင်း၊  ပြည်သူ့ရင်ခွင်ခိုလုံလာသည့်  ဒု – တပ်ကြပ် ဝေလင်းအား ပုလဲမြို့နယ် ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ် ( ၁၀၀ ) သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

” ရဲနဲ့ စစ်သားကတော့ တခြားသူတွေဆီကနေ ကျွန်တော်တို့ထံ ၀င်လာတာကော ၊ ကျွန်တော်တို့ဆီ တိုက်ရိုက်မဟုတ်ပဲ တပ်ရင်းတပ်ဖွဲ့တွေဆီ ၀င်လာပြီး စာရင်း ပို့တာတွေကော ၂၀ လောက်ရှိပြီ၊ အတိကျတော့ မသိရသေးဘူးဗျ၊ တပ်ရင်းတပ်ဖွဲ့တွေက စာရင်းပို့ဖို့ရာ ပြင်ဆင်နေတုန်းရှိသေးတယ်” ဟု လူသားစာနာတာ၀န်ခံက CJ Platform သို့ ပြောသည်။

 

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် ဆက်သွယ် အလင်း၀င်ရောက်လာသော ရဲ၊ စစ်သားနှင့်ပျူစောထီးများကို လိုအပ်သည်များ စစ်ဆေးခြင်း ၊ ခံ၀န်ကတိ ဆောင်ရွက်ခြင်းများ ၊ ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့