ပျူစောထီးများနှင့် အတူယှဉ်တွဲ နေထိုင်လိုခြင်း မရှိသောကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေသည့် ပြည်သူတစ်ထောင်ကျော်အတွက် အကူညီများလိုအပ်နေ

Author မင်းထက်
Categories
Published on Apr 02, 2024

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်းရှိ  စစ်ကောင်စီကို မထောက်ခံသော ပျူရွာအမည်ပေါက်ဒေသများမှ တိမ်းရှောင်ပြည်သူအများနှင့် ဒေသတွင်း စစ်ရှောင် ၁၀၀၀ ခန့်သည် အကူညီများ လိုအပ်လျက်ရှိနေကြောင်း ယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့၀င်တစ်ဦးက ပြောသည်။

ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူအများစုသည် မြို့နယ်အတွင်းရှိ ပျူရွာများမှ စစ်ကောင်စီ ဆန့်ကျင်သော အရပ်သားပြည်သူများဖြစ်ကြောင်း ၊  ရွာခံ ပျူစောထီးများနှင့် အတူယှဥ်တွဲ မနေလိုသောကြောင့်  လက်လှမ်းမီရာ  ဒေသများရှိ ကျေးရွာ တာ၀န်ရှိသူများထံ အကူညီတောင်းခံ၍ တော်လှန်ရေး အဖွဲ့စည်းများ၏  နေရာပေးချထားမှုဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

” ခန့်မှန်းခြေကတော့ တစ်ထောင်လောက်ရှိမယ်။ စစ်ရှောင်တွေက အဓိကကတော့ နေရေးနဲ့စားရေးပါပဲ၊ နေရာအခက်ခဲတွေပေါ့။ မိုးတွင်းရောက်လာရင်လည်း မိုးကာတွေလိုလာမယ်။ စားနပ်ရိက္ခာဆိုလဲ အမြဲတမ်းလိုအပ်လာမယ်လေ သူတို့ကမှီခိုတွေဆိုတော့ ရွာနေချည်တိုင်လိုတော့ အဆင်မပြေနိုင်ဘူးပေါ့ ” ဟု  Shwebo Crocodile အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများသည် တော်လှန်ရေး အဖွဲ့များ၏ အကူအညီဖြင့် စား၀တ်နေရေး ဖြေရှင်းနေကြရသလို အနီးအနားကျေးရွာရှိ ဒေသခံပြည်သူများ၏ ကူညီမှုများဖြင့်လည်း ရပ်တည်နေထိုင်နေရကြောင်း သိရသည်။

 

“စျေးရောင်းတတ်သူက စျေးရောင်းစားတာပေါ့၊ အခုချိန်က စပါးရာသီဆိုတော့ ကောက်စိုက်လိုက်ကြတယ်ဗျ။ အလုပ်ကိုင်တွက်ကတော့ အနား၀န်းကျင်ကျေးရွာတွေက တောင်သူတွေက ဌားရမ်းတဲ့အခါလိုက်ပြီး ​၀မ်းစာအတွက် ဆောင်ရွက်ကြရတာပေါ့၊ သူတို့အတွက်ကတော့ အမြဲ လိုအပ်ချက်ကတော့ ရှိနေပါတယ်” ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ် ရေရှည် စစ်ဘေးတိမ်းရှောင်‌ ပြည်သူ ၁၀၀ ကျော်အတွက် ဒေသခံကာကွယ်ရေးတပ်များက စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခြင်း ၊ အားပေး စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဘေးပတ်၀န်းကျင်မှာ ရေရှည် စစ်ဘေးရှောင်လေးတွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ အလှူငွေများရင် ရံပုံငွေတောင့်ရင် မကြာခဏသွားလှူဖြစ်ပါတယ် ။တစ်ချိုတော့ အခက်ခဲလေးတွေ ရှိပါတယ်ဗျ။ ကျွန်တော်တို့ ရန်ပုံငွေတောင့်ရင်တော့ သွားရောက်လှူဒါန်းပါတယ်ဗျ ၊ ကျွန်တော်တို့ အဲ့လောက် ရန်ပုံငွေ မတောင့်သည် အတွက် တစ်လက နှစ်ပိုင်းခွဲပြီး သွားရောက် လှူဒါန်းရပါတယ်ဗျ” ဟု ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းလှူဒါန်းမှုကို Shwebo Crocodile  ၊ ဇေယျာသွေး၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ နှင့် ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ခေါင်းဆောင် ညီအကိုများ စုပေါင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Shwebo Crocodile