ပျူစောထီးများက တစ်ရွာတည်းနေ NLD ထောက်ခံသူများ၏ ကျွဲနွားများနှင့် ပစ္စည်းဥစ္စာများကို လုယက်ပြီး ရောင်းစားနေ

Author မောင်ဒဂုံ
Categories
Published on Sep 12, 2022

ကန့်ဘလူမြို့နယ်တောင်ပိုင်းရှိ မင်းကုန်း(ခ) ကျေးရွာ၌ ပျူစောထီးများက တစ်ရွာတည်းနေဒေသခံ NLD ထောက်ခံသူများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများနှင့် တန်ဖိုးကြီး ပစ္စည်းများကို လုယက်ယူငင်ပြီး ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ပျူစောထီးအင်အား ၅၀ ခန့်ထိရှိသည့် မင်းကုန်း(ခ)ကျေးရွာ၌ စက်တင်ဘာ ၉ ရက်တွင် ဒေသခံရွာသားများ ဖြစ်သည့် ဦးမြင့်စိုးနှင့် ဒေါ်ချစ်စုမ၏ နေအိမ်မှ ကျွဲ ၂ ကောင် ၊ ဦးမြင့်ကျော်သူ၏ နေအိမ်မှ ကျွဲ ၂ ကောင် ၊ ဦးညွန့်ဝင်းနိုင် နေအိမ်မှ နွားမသားအမိ ၊ ဦးဝင်းမောင်နေအိမ်မှ နွားမသားအမိ နှင့် ဦးကြွက်သိုးနေအိမ်မှ နွားမသားအမိ စုစုပေါင်း ကျွဲ ၄ ကောင် နှင့် နွား ၆ ကောင် တို့ကို ပျူစောထီးများက ရောင်းစားခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ လဆန်းပိုင်းကလည်း ဦးပေါတာ ပိုင်ဆိုင်သည့် လယ်ယာသုံး ထွန်စက်အသေး ၁ စီး ၊ Honda ရေစုပ်စက် ၂ လုံး ၊ မြင်းကောင်ရေ ၂၂ ကောင်အား ရေစုပ်စက် ၁ လုံး တို့ကိုလည်း ယူဆောင်ကာ ပျူစောထီးများက ရောင်းစားခဲ့ကြောင်း သိရသည်။

၄င်း ပျူစောထီးများသည် မင်းကုန်စ(ခ)ကျေးရွာ၌ ပင်နေထိုင်သူများဖြစ်ပြီး NLD ပါတီကို မဲထည့်ခဲ့သည်ဟုဆိုသော တစ်ရွာတည်းနေ ဒေသခံများအား နေအိမ်မှ ထွက်ပြေးစေရန် သေနတ်ပြချိန်းခြောက်မှုများ ပြုလုပ်ပြီး ယင်းသို့ ရောင်းစားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုသို့ ဦးဆောင်၍ ရောင်းစားသူများမှာ မင်းကုန်း(ခ)ရွာသားများဖြစ်သည့် ပျူစောထီး ခေါင်းဆောင်ကိုဘိုနိုင် ၊ ကိုခင်မောင်ဝင်း ၊ ကိုဖိုးပြား ၊ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ကိုနေထက်လင်းနှင့် ၄င်း၏ ညီအစ်ကိုရင်း ဖြစ်သူ ကိုဇော်ငြိမ်းဝင်း၊ ပျူစောထီများ ဖြစ်သည့် ကိုညီညီရွှေသဲ နှင့် ထန်းတောရွာသား ကိုခင်မောင်ငြိမ်း တို့ဖြစ်ကြောင်း ဒေသတွင်း သတင်းကွန်ယက် Ifinity Group က ထုတ်ပြန်ထားသည်။

ယခု ကျွဲ နွား များ သိမ်းခံရသော ပိုင်ရှင်များသည် ပျူစောထီးများက အသက်အန္တရာယ် မကြာခဏ ခြိမ်းခြောက်ခြင်းနေကြောင့် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပျူစောထီးများသည် မင်းကုန်း(ခ)ရွာ၌ ဒုတိယအကြိမ်မြောက်အဖြစ် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ပြီး ပထမအကြိမ်တွင်လည်း NLD ထောက်ခံသူများ၏ ကျွဲ ၂ ကောင် နှင့် နွား ၁၄ ကောင်တို့အား ပျူစောထီးများက အဓမ္မသိမ်းယူကာ ရောင်းစားခဲ့သဖြင့် ဒေသခံများ၏ ကျွဲ နွား စုစုပေါင်း၂၆ ကောင်အထိ ရောင်းစားခံခဲ့ရပြီး ဖြစ်ကြောင်း သိရသည်။