ပျူခေါင်းဆောင် ကျော်ဝင်းစိန် အသတ်ခံရပြီးနောက် ရန်ကုန်တွင် ဓားထိုးသတ်ခံရမှု ခပ်စိတ်စိတ်ဖြစ်လာ

Author ကိုထက်
Categories
Published on Dec 15, 2023

အင်းစိန်လူမိုက်၊ ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန် ဓားထိုးသတ်ခံရပြီးနောက် ယခုရက်ပိုင်းများတွင် ရန်ကုန်မြို့အတွင်း ဓားထိုးခံရပြီး သေဆုံးမှုများ ခပ်စိတ်စိတ်ဖြစ်လာနေသည်ဟု လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

 

စစ်ကောင်စီလက်အောက်ခံ ပျူခေါင်းဆောင်အသတ်ခံရသည့် ဒီဇင်ဘာလ ဒုတိယအပတ်ခန့်မှ စတင်၍ အင်းစိန်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်းမြို့နယ်များတွင် ဓားထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသူများကို သွားရောက်ကူညီပေးခဲ့ရကြောင်း မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

” ဒီတစ်ပတ်အတွင်းမှာပဲ ဓါးထိုးခံရပြီး သေဆုံးတာတွေက ခပ်စိတ်စိတ်ဖြစ်လာတာ တွေ့ရတယ်။ မနက်က Dead Body ကိုတော့ မြောက်ဥက္ကလာဆေးရုံက ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တာပါ ” ဟု မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကြီး၊ သမိုင်းမြို့ဟောင်း(၁) လမ်းထောင့်၊ သမိုင်းပျံကျဈေးအနီးမှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်က  ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု သိရသည်။

 

“စပြီးဖြစ်တာက အင်းစိန်လူမိုက်ခေါင်းဆောင်က ဖြစ်ခဲ့တာပေါ့။ ဒီမနက်လည်း ပျံကျစျေးနားမှာ ရှော(သေ) သွားတယ်လို့ကြားတယ်။ သမိုင်းဘက်က ကျော်ဝင်းစိန် အစ်ကိုတစ်ယောက်ဆိုရင် ခုရက်ပိုင်းအပြင်ထွက်တာ မတွေ့တော့ဘူး။ သူတို့နဲ့ တွဲနေတဲ့သူတွေကလည်း ညတိုင်းဖဲဝိုင်းက အကြီးအကျယ်ပဲ လုပ်နေကြတာ။ အုပ်ကြီးတောင် ဘာမှမဟရဲဘူး ” ဟု သမိုင်း မုဒိတာအိမ်ရာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

 

အလားတူ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်ကလည်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်က ရေမြောင်းစပ်တစ်ခုတွင် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဒီဇင်ဘာလ ၈ ရက်၊ ညပိုင်းက အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်သည် ကြည်မြင်တိုင်မြို့နယ်တွင် ဓားထိုးအသတ်ခံခဲ့ရသည်။

 

၎င်းသည် ရုပ်ရှင်အနုပညာလောကသို့ ပေါက်ရောက်ခဲ့သည်အထိ နာမည်ဆိုးဖြင့်ကျော်ကြားသည့် လူမိုက်တစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်လက်ကိုင်တုတ်အဖွဲ့အစည်း ပျူစောထီးအဖွဲ့ခေါင်းဆောင်လုပ်ခဲ့သည်။