ပဲရစ်မြို့ အီဖယ်တာဝါ အနီးတွင် ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွား ၊ ဂျာမန်နိုင်ငံသားတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Dec 04, 2023

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကမ္ဘာကျော် Eiffel Tower(အီဖယ်တာဝါ) အနီးတွင် ပြီးခဲ့သည့် စနေ့နေ့ညပိုင်း၌ ပြင်သစ်နိုင်ငံသားတစ်ဦးမှ လည်ပတ်သွားလာနေသူများအား ရုတ်တရက် တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း CNN Media မှ ဖော်ပြသည်။

 

ယင်းတိုက်ခိုက်မှုမှာ ပဲရစ်မြို့လယ်ခေါင်ရှိ အီဖယ်တာဝါအနီး၊ Bir Hakeim(ဘာ ဟကမ်)တံတားတွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသားဆိုသူမှ လည်ပတ်သွားလာနေသည့် ပြည်သူများအား ဓားနှင့်တူ တို့ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဂျာမန် နိုင်ငံသားတစ်ဦးမှာ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ရကာ အခြားသော ပြင်သစ်နိုင်ငံသားတစ်ဦးနှင့် အင်္ဂလန်နိုင်ငံသားတစ်ဦးတို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။

 

အခင်းဖြစ်ပွားပြီးချိန်တွင် သံသယရှိသူ ပြင်သစ်နိုင်ငံသားအား ရဲများမှ လိုက်လံ ဖမ်းဆီးခဲ့ပြီး နယ်မြေခံရဲများ၏ ထွက်ဆိုမှုအရ အဆိုပါ သံသယရှိသူမှာ ယခင်က ထောက်လှမ်းရေးနှင့် ပတ်သတ်ဖူးကြောင်း သိရပြီး အခင်းဖြစ်ပွားချိန်၌ မျက်မြင်သက်သေများမှ ၎င်းမှာ “Allahu Akbar”(God သည်သာ အကြီးမြတ်ဆုံး) ဟု အော်ဟစ် ကြွေးကြော်နေခဲ့ကြောင်း သိရသည်။

 

ပြင်သစ်နိုင်ငံ ပြည်ထဲရေးဆိုင်ရာဝန်ကြီး Gerald Darmanin(ဂီရတ် ဒါမနင်)မှ ပြစ်မှုကျူးလွန်သူနှင့် ပတ်သက်၍ “သံသယရှိသူမှာ သူအဖမ်းခံရနောက် ထွက်ဆိုတာက အာဖဂန်နစ္စတန် နှင့် ပါလက်စတိုင်းတို့တွင် မူစလင်များသေဆုံး နေရသည်ကို ထပ်မံမြင်တွေ့ နိုင်စွမ်း မရှိတော့လို့”ဟု ထွက်ဆိုခဲ့ကြောင်း CNN Media သို့ ဖြေကြားသည်။

 

ပြင်သစ်သမ္မတ Emmanuel Macron( အမ်မနျူရယ် မက်ခရွန်)မှလည်း ၎င်း၏ လူမှုကွန်ယက်ဖြစ်သည့် X( ယခင် Twitter)တွင် သေဆုံးခဲ့ရသည့် ဂျာမနီနိုင်ငံသားနှင့် သက်ဆိုင်ရာမိသားစုအတွက် ဝမ်းနည်းပူဆွေးရကြောင်း ရေးသားခဲ့ကာ ပြင်သစ်၏ အရေးပေါ်ကူညီကယ်ဆယ်ပေးရေး အဖွဲ့များအားလည်း ကျေးဇူးတင်ရှိကြောင်း တစ်ပါတည်း ရေးသားဖော်ပြခဲ့သည်။

 

ရဲများ၏ စစ်ဆေးစုံစမ်းမှုအရ သံသယရှိသူမှာ ပြင်သစ်နိုင်ငံတွင် ၁၉၉၇ ခုနှစ်၌ မွေးဖွားကာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပြင်းထန်သော စိတ်ရောဂါ ဝေဒနာအား ခံစားခဲ့ရပြီး အကြမ်းဖက်မှု အကြီးစား ပြစ်မှုတစ်ခုအား လုပ်ဆောင်ရန် စီစဉ်ခဲ့ဖူးသဖြင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခံခဲ့ရဖူးသည့် မှတ်တမ်းဟောင်း ရှိသူ တစ်ဦးဖြစ်သည်ဟု သိရသည်။

 

သူ၏ တိုက်ခိုက်မှုကြောင့် ဂျာမနီနိုငိငံသား တစ်ဦးမှာ ဓားဒဏ်ရာဖြင့် အခင်းဖြစ်ပွားချိန်တွင်ပင် သေဆုံးခဲ့ရပြီး ကျန် ဒဏ်ရာရရှိသူ အင်္ဂလန်နိုင်ငံသားနှင့် ပြင်သစ်နိုင်ငံသားနှစ်ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရကာ စိုးရိမ်ရမှု မရှိတော့ကြောင်း ပြင်သစ်အာဏာပိုင်များမှ CNN သို့ ပြောဆိုသည်။

 

အလားတူ တိုက်ခိုက်မှုမျိုး ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြင်သစ်နိုင်ငံတောင်ပိုင်း Arras မြို့ အထက်တန်းကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ဖူးပြီး ဖြစ်ပွားချိန်တွင် ကျူးလွန်သူ ရုရှားနိုင်ငံသားမှ”Godသည်သာ အကြီးမြတ်ဆုံး” ဟု ကြွေးကြော်ကာ ဓားဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဆရာ တစ်ဦးနှင့် အခြားဝန်ထမ်း နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။

 

ဓာတ်ပုံ- CNN