ပဲခူး အုတ်ဖိုတွင် ဆိုင်ကယ်စောင့်ဖမ်းနေသည့် ရဲနှင့် ပျူအဖွဲ့ကို ရှောင်တခင်ဝင်တိုက်၊ နယ်ထိန်းရဲအပါအဝင် နှစ်ဦးသေဆုံး
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့ကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့က မတ် ၃ ရက် ညနေ ၄ နာရီခန့်က ရှောင်တခင်ဝင်ရောက်တိုက်ခဲ့ရာ နယ်ထိန်းရဲအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သာယာ၀တီခရိုင် တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်-ပြည်ကားလမ်းဘေး ဂုံညင်းတန်းကျေးရွာရှိ Shine Cafe ဆိုင်တွင် အရပ်သားပြည်သူ့ဆိုင်ကယ်များကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသည့် ရဲနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲ မင်းသွေးခန့်သည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ရဲတပ်သား ဖုန်းမြင့်အောင် အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ UGF Okpo တပ်ခွဲမှူးရဲဘော်ဒေဝက CJ Platform သို့ ပြောသည်။
“သူတို့က အမြဲလုပ်တယ်ဆိုတာထက်ကို ပိုက်ဆံသုံးစရာမရှိတိုင်း လမ်းပိတ်ပြီး ပြည်သူဆီက ပိုက်ဆံတောင်းနေကျ။ ပြည်သူတွေကို ဒုက္ခပေးလွန်းလို့ ဆိုင်မှာ ဝင်ရောက်ရှင်းလင်းခဲ့ရတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များနှင့် တစ်ဝိုင်းထဲထိုင်နေသည့် ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ရဲဘော် ဒေဝက ပြောသည်။
“ရခ၊ စခတွေ၊ အုပ်ကြီးတွေ၊ ပျူတွေနဲ့ ရောရောနှောနှောမနေဖို့ အကြိမ်ကြိမ်သတိပေးထားတဲ့ကြားကနေ အခုလိုဖြစ်သွားတာ။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကျန်ရစ်သူ မိသားစုကိုလည်း အနူးအညွှတ်တောင်းပန်ပါတယ်။ မဖြစ်သင့်တာ မဖြစ်ရအောင် လွတ်လွတ်ကင်းကင်း နေကြပါလို့ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အိုးသည်ကုန်း စခန်းမှူးအပါအဝင် သားဖြစ်သူနှင့် ပျူစောထီး(ပြည်သူ့စစ်)များသည် အမြဲလိုလို ယာဉ်များကိုတားကာ ပြည်သူများထံမှ ငွေညှစ်နေသည်ဟုလည်း ဂုံညှင်းတန်းရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အိုးသည်ကုန်းစခန်းမှူးနဲ့ သူ့သားနဲ့ သူ့တပည့်တွေရော၊ ပျူတွေရော အမြဲတမ်းလိုလို ဆိုင်ကယ်တွေဖမ်းနေတာကို ကျွန်တော်တို့ ပြည်သူတွေခံနေရပါတယ်။ ခုလို ဖြစ်တာကိုလည်း ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာတယ်။ နောက်လည်း လာရောက်ရှင်းလင်းဖို့ ဖိတ်ခေါ်ပါတယ်” ဟု ယင်းအမျိုးသားက CJ Platform သို့ ပြောသည်။
ယခုစစ်ဆင်ရေးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဲ့ဖွ(အုတ်ဖို)မှ ဖော်ဆောင်ခဲ့ကာ ၁၀ မိနစ်ခန့်အချိန်ယူခဲ့ပြီး ရဲဘော်များ အထိအခိုက်အကျဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
သေဆုံးအလောင်းများကို မတ် ၃ ရက် ညနေ ၆ နာရီခန့်တွင် အုတ်ဖိုမြို့နယ်ရှိ ပရဟိတ ကားနှစ်စီးဖြင့် အုတ်ဖိုမြို့နယ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။ ဖြစ်ပွားခဲ့သော လက်ဖက်ရည်ဆိုင်အနီးတွင် အင်အား ၅၀ ခန့်ပါ စစ်ကားငါးစီးဖြင့် လုံခြုံရေးအပြည့်ယူထားပြီး ပြည်သူများကို အစစ်အဆေးတင်းကြပ်ကာ ပစ်မိန့်ပါပေးထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်ကလည်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာ ရဲစခန်းမှ စစ်ကောင်စီအင်အား ၅၀ ခန့်ကို ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၏ ကျားကြီးစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။