ပဲခူး လမ်းမများနှင့် အမြင့်ပိုင်းရပ်ကွက်အချို့ရေပြန်ကျ၊အနိမ့်နေရာများ ရေကြီးနေသေးဟုဆို

Author လင်းနွေဦး
Categories
Published on Oct 11, 2023

နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်ရေကြီးမှုနှင့်ကြုံခဲ့ရသော ပဲခူးတိုင်း ပဲခူးမြို့ရှိ လမ်းမကြီးများနှင့် အမြင့်ပိုင်းရပ်ကွက်အချို့တွင် ရေကျဆင်းလာပြီး အနိမ့်ပိုင်းအတွင်းနေရာများတွင် ရေကြီးနေဆဲဖြစ်ကြောင်း ပဲခူးမြို့ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံများ – Bago ဈေး G7

ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် လမ်းမအချို့နှင့်အမြင့်ပိုင်း ရပ်ကွက်များဖြစ်သော မှော်ကန်၊ ဆိုရှယ်လစ် ပုဏ္ဏားစုရပ်ကွက်များအပါအဝင် အချို့ရပ်ကွက်များတွင် ယခင်ထက် ၆ လက်မခန့် ရေကျဆင်းသွားပြီး အချို့အတွင်းပိုင်းနေရာများတွင် အနည်းငယ်ကျဆင်းကြောင်း သိရသည်။

ဓာတ်ပုံများ – Bago ဈေး G7

” ရေတွေတော်တော် ကျနေပြီ။ ဟိုဘက်ကမ်းတော့ အဲဒီလောက် ကျလားမပြောတတ်သေးဘူး။ ဆိုရှယ်လစ်တို့၊ မဂ္ဂတစ်တို့မှာတော့ ဒူးလောက်၊ ပေါင်လောက်ပဲရှိတော့တယ်” ဟု ပဲခူးဒေသခံတစ်ဦးက ဝမ်းသာစွာဖြင့် CJ Platform သို့ ပြောသည်။

ဓာတ်ပုံများ – Bago ဈေး G7

ယခု ပဲခူးရေကြီးမှုသည် နှစ် ၆၀ နီးပါးအတွင်း သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်ကာ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ဆေးဝါး၊ အစားအသောက်၊ သယ်ယူ‌ရွှေ့ပြောင်းရေးတို့ကို ဒေသရှိ ပရဟိတအဖွဲ့များအပြင် အခြားအနယ်နယ်အရပ်ရပ်မှ ပရဟိတညီအကိုမောင်နှမများ လာရောက်််််ဝန်းရံမှုဖြင့် ကြံ့ကြံ့ခံကျော်ဖြတ်နေကြောင်း မေတ္တာရွှေစင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။

ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်မနက်ပိုင်းမှစတင်၍ အနိမ့်ပိုင်းလူ‌နေရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခဲ့၍ ပြည်သူများ ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းခဲ့ရပြီး အောက်တိုဘာ ၉ ရက်တွင် ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်အထက်ကျော်လွန်ခဲ့သည့်အတွက် အမြင့်ပိုင်းရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့သည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကိုကျော်လွန်ကာ စံချိန်တင် ၁၀၀၄ စင်တီမီတာအထက်ရောက်ရှိခဲ့သည်။

အောက်တိုဘာ ၁၀ ရက်နေ့တွင် ရေမကျဘဲ တန့်နေသည့်အတွက် ကယ်ဆယ်ရေးဆက်လုပ်ခဲ့ရပြီး ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့ရသည်။

ပဲခူးရေကြီးမှုဖြစ်စဉ်ကြောင့် အသက် (၆၀) အရွယ် အမျိုးသမီးနှင့် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးတို့ ရေနစ်သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပျောက်ဆုံးသူများနှင့် ပိတ်မိသူများလည်းရှိနေခဲ့သည်။