ပဲခူး မင်းလှတွင် ပြည်သူ့စစ်အတွက် အဓမ္မလူစုပေးနေသည့် အုပ်ကြီးနှင့် ရာအိမ်မှူး ပစ်ခတ်ခံရ၊ အုပ်ကြီးသေ

Author မင်းထက်
Categories
Published on Jan 22, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူး သေဆုံးသွားကြောင်း ယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းလှမြို့နယ် ပကဖ)တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဇန်န၀ါရီလ ၂၁ ရက်နေ့  မွန်းလွဲ ၂ နာရီခန့်က  ထန်းပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ပျဥ်းမကုန်းကျေးရွာ ရာအိမ်မှူး ဦးနိုင်ကြီးတို့ကို မင်းလှမြို့နယ်၊ သဲကောကျေးရွာအနီးတွင် စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

” သူတို့တွေ မင်းလှမြို့ကနေ ဆိုင်ကယ်စီးပြီးပြန်လာတုန်းစောင့်ပစ်တာ။ တစ်ယောက်ကို ကျည် သုံးချက်ပစ်ခဲ့တာ။ သူတို့က စကစတွေအလိုကျ (ကျေးရွာ)အုပ်စုအတွင်းက ပြည်သူတွေကို အတင်းအကြပ်လူစုပြီး ငွေတောင်းတာတွေပါ လုပ်နေတဲ့တွက် ခုလိုအရေးယူရတာပါ” ဟု မင်းလှမြို့နယ် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းတွင် ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးပြီး ရာအိမ်မှူး ဦးနိုင်ကြီးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပကဖထံမှ သိရသည်။

 

ပစ်ခတ်ခံရသူများသည် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် စစ်သင်တန်းတက်ရောက်ရန် ခြိမ်းခြောက်ဖိအားပေးစုဆောင်းခြင်း၊ ပြည်သူ့စစ်ဖွဲ့ရန်မပါ၀င်လိုသော ဒေသခံများကို ဖိအားပေးငွေကြေးတောင်းခံမှုများပြုလုပ်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်း စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်သူစစ်ဖွဲ့ရန် ဖိအားပေးနေပြီး ကျေးရွာအုပ်စုတစ်စုလျှင် ပြည်သူ့စစ်အင်အား ၃၀ မှ ၅၀ ဦးအထိတောင်းခံနေကြောင်း၊ ပြည်သူ့စစ်မလုပ်လိုသော  ပြည်သူများမှာ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း သိရသည်။

 

ယင်းပစ်ခတ်ရှင်းလင်းမှုတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် ၃ တို့နှင့် မင်းလှမြို့နယ် ပကဖရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သာယာဝတီခရိုင်အတွင်း ပြည်သူ့စစ်အဖြစ် အတင်းအကြပ်ဖိအားပေးစုဆောင်းနေသူများကို ယခုကဲ့သို့ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ (ဇန်န၀ါရီ ၂၁)က ထပ်မ ထုတ်ပြန်သတိပေးထားသည်။

 

ဓာတ်ပုံ – မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့