ပဲခူးရိုးမအတွင်း PDF ယာယီစခန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေဆုံး

Author မင်းထက်
Categories
Published on Nov 10, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ရှားတောရဲကင်းစခန်းဟောင်း၌ PDF တပ်ရင်းတစ်ခု ယာယီစခန်းချနေစဉ် စစ်ကောင်စီစစ်ကြောင်းနှင့် နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သော တော်လှန်ရေးအဖွဲ့ တာဝန်ခံက CJ Platform သို့ ပြောသည်။

 

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ယာယီစခန်းချနေစဥ် အင်အား ၄၃ ဦးပါ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီခန့်တွင် စီးနင်းတိုက်ခိုက်ရန် ရောက်ရှိလာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၂ နာရီကျော်ကြာမြင်ခဲ့သော အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူများပြားသောကြောင့် ၎င်းတို့ဘက်မှ သေဆုံးရုပ်အလောင်းများကို အရသယ်၍ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 

“ဟိုင်းယုလမ်းဆုံကနေ စခ ၄၃ ကောင်အုပ်က စခန်းကို သိမ်းဖို့တက်လာတာ။ သူတို့တက်လာတာကို အဝေးကတည်းက ကြိုမြင်ပြီး စောင့်တိုက်တာ။ အစ်ကိုတို့စခန်းက ကွင်းပြင်က သစ်ပင်အကာအကွယ်ရှိတယ်။ အစ်ကိုတို့ဆီလာတဲ့ခွေးတွေမှာ ဘာအကာအကွယ်မှမရှိဘူး။ သူတို့က အလစ်ထင်ပြီး ဖြန့်ပြီးတက်လာတာ။ အစ်ကိုတို့ ရှေ့ဆုံးက တက်လာတဲ့ ခွေး ၃ ကောင်ကိုဝိုင်းပစ်တာ ရင်ဘတ်တွေမှန်တယ်” ဟု ရဲဘော် ရိုးမမြေက ပြောသည်။

 

ထိုတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး နို၀င်ဘာ ၉ ရက်နေ့ နံနက်ပိုင်း၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ထံမှ သိရသည်။