ပဲခူးရိုးမအတွင်း ကင်းပုန်း၀ပ်စစ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အထိနာ၍ စစ်တပ်မှ ပဲခူးအနောက်ခြမ်းတွင် ပထမဆုံးအကြိမ် လေကြောင်းဖြင့် တိုက်ခိုက်

Author မင်းထက်
Categories
Published on Dec 01, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း ခါချဥ်တောင် ပတ်ကွေ့ကြီးအဆင်း ရှောက်ပင်ချောင်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Bago Region PDFက ယနေ့ ဒီဇင်ဘာလ ၁ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ခါချဥ်တောင်အစပ် ပက်ကွေးကြီးအဆင်း ရှောက်ပင်ချောင်းနားတွင် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ခဲ့ရာ‌ တော်လှန်‌ရေးရဲဘော်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာသွားကြောင်း ၊ ထိခိုက်ဒဏ်ရာ အများအပြားရရှိ၍ တပ်ဆုတ်နိုင်ရန်အတွက် ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ကူများ ပစ်ခတ်ပေးခဲ့ကြောင်း သိရသည်။

 

“စခ ၂ ကောင်သေပြီး ကျန်တာတွေ အထိနာခဲ့တယ်၊ အလောင်းနဲ့ လက်နက်ကောက်ဖို့လုပ်တော့ ဟိုင်းယုလမ်းပေါက်က ၈၀၊ ၁၂၀မမတွေနဲ့ ထုလို့ ပြန်ဆုတ်ပေးလိုက်ရတယ်”သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက ပြောသည်။

 

အဆိုပါ ရှောက်ပင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသွားသည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့  နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးအနောက်ခြမ်း၌ ပထမဆုံး လေကြောင်း တိုက်ခိုက်မှုအဖြစ် တော်လှန်ရေးတပ်ဖွဲ့များ၏ ယာယီစခန်းအား စစ်တပ်က ရဟတ်ယာဥ်မှ စက်သေနတ်ဖြင့် အလစ်အငိုက် လာရောက်ပစ်ခဲ့ကြောင်းသိရသည်။

“ကင်းသမားတွေရဲ့ ကြိုတင်သတင်းပေးမှုကြောင့် အကုန် ဘေးကင်းကြတယ်။ စခဘက်ကို AKနဲ့ ၁၀ချက် ပြန်ပစ်တယ်။ လေယာဥ်တော့ မှန်မမှန်မသိရဘူး။ သေနတ်နဲ့ လေယာဥ်ကို ပြန်ပစ်တာကြောင့် ကျည်လာရာဘက်ကို မတရားပြန်ပစ်တာ။ မနက်၄ နာရီလောက်ဆိုတော့ အစောကြီးဗျ” ဟု ၄င်းတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တစ်ဦး ကပြောသည်။

 

စစ်တပ်က လေကြောင်းပစ်ခတ်မှုတွင် တော်လှန်ရေးရဲဘော်များမှာ အထိ အခိုက်မရှိ ခဲ့ကြောင်း ၊ ယမန်နေ့ နို၀င်ဘာ ၃၀ ရင် ညပိုင်းတွင်လည်း စစ်တပ်က လေယာဥ်ဖြင့် ထပ်မံလာရောက် ကင်းထောက်သွားကြောင်း သိရသည်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅

Related News

Depend on news