ပဲခူးရိုးမပေါ်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ မရိုးကျွန်းရွာနှင့် သရက်စမ်းရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက CJ Platform သို့ ပြောသည်။
အင်အား ၂၄ ဦးခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF)၊ တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ခေါ်ဆောင်ပြီး သစ်ပုတ်တာဝါတိုင် စခန်းသို့နောက်ကြောင်းပြန်ဆုတ်သွားခဲ့ပါတယ်” ဟု အထက်ပါတာ၀န်ခံက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်၍ ပြည်သူလူထုထံ အလင်းဝင် ခိုလှုံကြရန် ပဲခူးတိုင်းစစ်ဒေသခွဲ တပ်ရင်းက တိုက်တွန်းထုတ်ပြန်ထားသည်။