ပဲခူးရိုးမတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်ရုပ်အလောင်း ငါးရက်အကြာမှ ပြန်တွေ့

Published on Mar 06, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းက ကျဆုံးရဲဘော်၏ ရုပ်အလောင်းကို ငါးရက်အကြာ မတ်လ ၄ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီးနောက် ၎င်း၏မိခင်တပ်ရင်းနှင့်အတူ ရွှေတောင်-ပေါက်ခေါင်း ပကဖညီနောင်များက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု ကျဆုံးရဲဘော်နှင့်နီးစပ်သူ ရဲဘော်မင်းညိုက CJ Platform သို့ ပြောသည်။

 

စစ်ဒေသခွဲ အမှတ် ၂ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ(၃)မှ ရဲဘော်စလုံး(ခ)ရဲဘော် သားငယ်သည် အောင်သပြေကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် ဖေဖော်ဝါရီ ၂၈ ရက်က ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

ပြည်ခရိုင် ဒေသတွင်းကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီ၏ ၆၆ ခြေမြန်တပ်နှင့် ကပစ ၁၉ ပူးပေါင်းတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

 

တိုက်ပွဲတွင်း ကျဆုံးခဲ့သော ရဲဘော်စလုံး(ခ)သားငယ်သည် ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှဖြစ်ပြီး တော်လှန်ရေးအဖွဲ့ထဲသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်မှစတင်၍  ၂ နှစ်နီးပါး ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူ လူလွတ်တစ်ဦးဖြစ်သည်။

 

ကျဆုံးရဲဘော်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျန်ရစ်သူမိသားစုထံသို့ ဂုဏ်ပြုမှတ်တမ်းနှင့် ထောက်ပံ့ငွေပေးအပ်ရန်စီစဉ်နေကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ပြည်ခရိုင်အတွင်းရှိ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ယနေ့အထိ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေကာ စစ်ကောင်စီတပ်သည် ပေါက်ခေါင်းနှင့် ပေါင်းတည်ရှိကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ရဲဘော် မင်းညိုက ပြောသည်။

 

“ ‌‌ေ-ွးကတော့ ‌ေ-ွးအကျင့် ကျင့်တာပေါ့ဗျာ။ ရွာတွေကို မီးရှို့တယ်။ မီးမရှို့ရတဲ့ရွာတွေကိုကျ အိမ်တိုင်းဝင်ရောက်ရှာဖွေပြီး လိုချင်တာ ယူသွားကြတာတွေ လုပ်တယ်” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

တော်လှန်ရေးစတင်ချိန်မှစ၍ ယခုအချိန်ထိ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၂ တပ်ရင်း၊ တပ်ခွဲ(၃)မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီဖြစ်သည်။