ပဲခူးမြစ်ရေတက်ပြီး ရေကြီးလို့ အရေးပေါ် ရွှေ့ပြောင်းနေရ

Author ခေတ်နီ
Categories
Published on Oct 08, 2023

ပဲခူးတိုင်း ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေသည် စိုးရိမ်ရေအမှတ်‌ရောက်ရှိလာပြီး ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ဒေသခံထောင်ချီ ရေဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်အစောပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြစ်ရေမြင့်တက်လာမှုကြောင့် ကျောက်ကြီးစု ၊ဖောင်တော်ဦး ၊ဇိုင်းတောင် ၊ကျွန်းသာယာ ၊ဇိုင်းမြောက်၊ ကလျာဏီရပ်ကွက်များအတွင်း ရေဝင်ရောက်ကာ ရေကြီးမှုဖြစ်ပေါ်နေပြီး ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရကြောင်း သိရသည် ။

“ပြောင်းရွှေ့နေရပါပြီအစ်ကို၊ ရေကထပ်မံပြီး ၆ပေနီးပါး တက်နိုင်တယ်လို့တော့ မိုးဇလကပြောထားတယ် ၊လက်ရှိစာရင်းကတော့ မှန်းရခက်နေပါသေးတယ်”ဟု မြို့ခံပရဟိတအသင်းဖြစ်သည့် မေတ္တာရွှေစင်အသင်းထံမှ သိရသည်။

လက်ရှိပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၉၂၀ စင်တီမီတာကို ရောက်ရှိနေပြီး ရေဘေးသင့် ဒေသခံများအား ကုန်းမြင့်ဒေသရှိ ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ရွှေ့ပြောင်းပေးထားကြောင်း သိရပြီး အသေးစိတ်အခြေအနေများအား စုံစမ်းစဲဖြစ်သည်။

ဓာတ်ပုံ -မေတ္တာရွှေစင်ပရဟိတ