ပဲခူးတွင် လေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းသေဆုံး

Published on Mar 11, 2024

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်းရှိ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ကြား လေးရက်တာထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသေဆုံးပြီး လက်နက်အများပြား သိမ်းဆည်းရမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

မတ်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ လေးရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသေဆုံးသည့်အပြင် MA3 တစ်လက်၊ ကျည်ဘောက် လေးခု၊ ၆၀ မမ တစ်လက်၊ ၆၀ မမ အသီး တစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ခြင်းကျား နှစ်လုံး၊ ဆိုလာပြား တစ်ချပ်နှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲက ဆက်တိုက်ပဲဖြစ်နေတာ။ စခအလောင်းတွေ ဓာတ်ပုံသွားရိုက်တာ။ ထပ်တိုက်ပွဲဖြစ်တယ်။ စခ သေတာကျ သူတို့က ပြန်ဆွဲယူသွားကြတာ။ အရှင်မိတာတွေဆို အကုန်ချပြနိုင်တယ်။ ကျွန်တော်တို့လည်း ချပြချင်တာပေါ့ဗျာ။ အလောင်းတွေမပြနိုင်တော့ လူတွေက သိပ်မယုံကြဘူး” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။

 

မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧကတစ်ထောင် ကျွန်းစိုက်ခင်း ကျုံးပေါက်အနီး(ယခင်ဆင်စခန်း)၌ စစ်ကြောင်းထိုးလာသည့် ခလရ ၁ ၊ ကပစတပ်များနှင့် ပျူစာထီး(ပြည်သူ့စစ်)များပါဝင်သော အင်အား ၁၂၀ ပါစစ်ကြောင်းနှင့် နှစ်နာရီကျော်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည်။

 

ထိုနေ့ ညနေ ၅ နာရီခန့်တွင်လည်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယုလမ်းဆုံတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီး/ငယ်များဖြင့် ရုတ်တရက်သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု သုံးနာရီခန့်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

 

ထို့နောက် မတ်လ ၈ ရက် ညနေ (၅) နာရီခန့်တွင် ဧကတစ်ထောင်ကျွန်းစိုက်ခင်း ကျုံးပေါက်အနီးတွင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးများပစ်ခတ်တက်လာသဖြင့် လေးနာရီခန့်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးခဲ့သည်။

 

ထိုတိုက်ပွဲသို့ ဟိုင်းယုလမ်းဆုံရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်က စစ်ကူလာသည့်စစ်ကြောင်းကို ည (၇) နာရီခန့်တွင် ဟိုင်းယုရွာဆေးခန်းအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သည် နောက်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့သည်။

 

မတ်လ ၉  ရက် နံနက် (၆) နာရီခန့်တွင် စစ်ကောင်စီသေဆုံးအလောင်းများကို မှတ်တမ်းရိုက်ကူးရန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့မှ ရဲဘော်များသွားရောက်စဉ် ခရစ်ယန်ဘုရားကျောင်း မယ်တော်စင်အနီး ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သုံးနာရီခန့်ကြာမြင်ခဲ့ကာ စစ်ကောင်စီတပ်သား  ၂၀ ဦးသေဆုံး၍ တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့သည်သည်။

 

ထို့နောက် ယမန်နေ့ မတ်လ ၁၀ ရက် မွန်းလွဲ (၂) နာရီခန့်တွင် ဟိုင်းယုရွာအနီး တရုတ်ကျွန်းစိုက်ခင်းဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဗမာသင်္ချိုင်းကုန်းအနီး၌ စောင့်ကြိုတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်ခဲ့ရာတွင် တစ်နာရီခွဲခန့်ကြာမြင်ခဲ့ကာ စစ်ကောင်စီလက်နက်ကြီးသမား နှစ်ဦးသေဆုံးခဲ့သည်ဟု ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက CJ Platform သို့ ပြောသည်။

 

အဆိုပါတိုက်ပွဲများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် ဒဂုံစစ်ကြောင်းတို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

“ တိုက်ပွဲဖြစ်ရင်တော့ အကုန်လိုအပ်တာပါပဲ။ စခအလောင်းတွေ၊ လက်နက်တွေ လက်ရသိမ်းဖို့က ကိုယ့်ဘက်က ထိုးစစ်ဆင်နိုင်ဖို့ ခဲယမ်းဝယ်ယူနိုင်အောင် ပြည်သူတွေကူညီပေးကြပါ” ဟု ၎င်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်သည် သာယာဝတီခရိုင်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တပ်ဖွဲ့များကြား ယနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများက အနီးကျေးရွာများရှိ ဒေသခံများကို ချောဆွဲခြင်းများ လုပ်ဆောင်နေကြောင်း တော်လှန်ရဲဘော်များက ပြောသည်။

 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်နှင့် ဟိုင်းယုလမ်းဆုံအနီးတွင် တိုက်ပွဲ ၄ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၅