ပဲခူးတွင် ပြည်သူ့စစ်အတွက် ခြိမ်းခြောက်လူစုဆောင်းသည့် အုပ်/မှူးနှင့် အဖွဲ့ဝင်များ ဆက်တိုက်သေဆုံး

Author မင်းထက်
Categories
Published on Jan 25, 2024

ပဲခူးတိုင်းအတွင်းရှိမြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့ရန် ခြိမ်းခြောက်လူသစ်စုဆောင်းနေသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပစ်ခတ်ခံရပြီးနောက် သေဆုံးမှုများ ယခုဇန်နဝါရီလအတွင်း ဆက်တိုက်ဆိုသကဲ့သို့ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပဲခူးတိုင်းအတွင်း အသက် ၁၈ နှစ်မှ ၅၀ အထိ ရှိသူများအနေဖြင့် ပြည်သူ့စစ်အဖွဲ့အတွင်း ဝင်ရောက်ရမည်ဆိုသည့်သတင်းများ ယခုနှစ် ဇန်နဝါရီလအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။

 

ထိုသို့ဖွဲ့စည်းရာတွင် စစ်ကောင်စီလက်အောက်ခံများက မဲနှိုက်ရွေးချယ်သည့်ပုံစံဖြင့်ရွေးချယ်ကြပြီး ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းများပြုလုပ်နေသည့်အတွက် နေရပ်တိမ်းရှောင်ရသည့်ဒေသခံအများအပြားလည်းရှိနေသည်ဟု သိရသည်။

 

ပဲခူးတိုင်းရှိ အချို့သော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခိုင်းစေမှုမပါဘဲ ခြိမ်းခြောက်လူစုခြင်း၊ မဝင်လိုသူများထံမှ ငွေကြေးအဓမ္မတောင်းခံခြင်းများပြုလုပ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

 

ထိုသို့လူဆောင်းခြင်းများသည် ပဲခူး‌တိုင်းအတွင်း ခရိုင်လေးခုရှိသည့်အနက် သာယာဝတီခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်းရှိ မြို့နယ်များက ရပ်ကွက်/ကျေးရွာများတွင် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

ထို့‌ကြောင့် လူသစ်စုဆောင်းခြင်းများလုပ်ဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှသ့် အဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၄ နှင့် ၁၅ ရက်များတွင် သတိပေးထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

 

ထို့နောက် တစ်ပတ်ခန့်အကြာတွင် နောက်မဆုတ်ဘဲ ဒေသခံပြည်သူများကို ခြိမ်းခြောက်လူစုနေသည့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ကာကွယ်ရေးတပ်ဖွဲ့များဘက်က တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြသည်။

 

ဇန်နဝါရီ ၂၁ ရက်နေ့က မင်းလှမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ပျဉ်းမကုန်းမှ ရာအိမ်မှူးတစ်ဦးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အုပ်ချုပ်ရေးမှူးသေဆုံးပြီး ရာအိမ်မှူးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဇန်‌နဝါရီ ၂၂ ရက်က ပြည်သူ့စစ်အတွက်လူစုရာတွင်ပါဝင်သူ နတ်တလင်းမြို့နယ်၊ ဆီဆုံကျေးရွာက ပျူစောထီးခေါင်းဆောင်လည်းဖြစ်သည့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက်သေဆုံးခဲ့သည်။

 

ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်က သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စုနေ ပြည်သူ့စစ်(ပျူ )စစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး ဦးလွင်မောင်(အသက် ၄၀ ခန့်)သည် ပစ်ခတ်ခံရပြီးနောက်သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ ထံမှ သိရသည်။

 

၎င်းနေထိုင်သည့် သရက်ဖြူကန်ရွာနေအိမ်၌ပင် တော်လှန်ရေးတပ်ဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

 

” ပျူသင်တန်းဆင်းတာ တစ်လတော့ရှိပါပြီ။ အုပ်ကြီးဖြစ်တာက ခန့်မှန်း ၂ နှစ်လောက်ရှိပါပြီ။လက်နက်တွေလည်း ပေးထားတယ်။ ခုရှင်လင်းပြီး အင်္ကျီနဲ့ ကျည်ကာနှစ်ထည်ပဲ ရှာတွေ့ခဲ့တယ် ” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာဝတီ ဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ ရဲဘော်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း  အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ဦးလွင်မောင်သည် စစ်ကောင်စီ အလိုကျ ရပ်ရွာနေ ပြည်သူများကို အနိုင်ကျင့် အာဏာပြ ခြိမ်းခြောက်ပြီး ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ လူစုဆောင်းနေမှုကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။

 

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ပျူ)သင်တန်းဆင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို  စစ်ယူနီဖောင်းများ၊ လက်ပစ်ဗုံးများ၊ လက်နက်များပေးအပ်ထားကာ ၎င်းတို့သည် စစ်သားများ တပ်စွဲထားသည့်နေရာများ၊ ပတ်ကင်းလှည့်ရာတွင် ပါ၀င်နေခြင်းများရှိကြောင်း၊ ထို့ပြင် စစ်ကောင်စီအလိုကျ အရပ်သားပြည်သူများကို ပြည်သူ့စစ်၀င်စေရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးက ပြောဆိုသည်။

 

“ပြည်သူတွေကတော့ကြောက်နေတယ်။ ပြည်သူ့စစ်ဖွဲ့တာ တစ်ရွာကို လူလေးဆယ်လောက်တောင်းတယ်။ မဲနှိုက်ရတယ်။ မဲပေါက်ပြီး မလိုက်ချင်ရင် ၁၅ သိန်း၊ သိန်း ၂၀ လောက်ပေးဖို့တောင်းတယ်” ဟု ၎င်းကဆိုသည်။

 

ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်ဖွဲ့ရန် ခြိမ်းခြောက်လူစုဆောင်းနေသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကို တော်လှန်ရေးအဖွဲ့များက သတိပေးပြောဆို မှုများဆက်တိုက်ပြုလုပ်နေသကဲ့သို့ ရပ်တန်းကမရပ်ပါက ဆက်လက်တိုက်ခိုက်သွားမည်ဟု သတိပေးချက်ထုတ်ပြန်ထားကြသည်။