ပဲခူးက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်ကော်မရှင် ဖယ်ရှား

ပဲခူးမြို့ တိုင်းအစိုးရရုံးရှေ့မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို စစ်ကော်မရှင်က ဩဂုတ်လ ၇ ရက်နေ့ ညက ဖယ်ရှားလိုက်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင် လက်အောက်ခံတွေက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို လျှပ်စစ်မီးဖြတ်တောက်ပြီး ယမန်နေ့ ညသန်းခေါင်ကျော်မှာ စက်ယန္တရားတွေနဲ့ လာရောက် ဖြုတ်သိမ်းသွားတာလို့ သိရပါတယ်။
“ဒီနေ့ မြို့ထဲသွားတိုင်း အမြဲကြည့်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ ဖခင်ကြီး မတွေ့ရတော့ ရင်ထဲ ဘယ်လိုဖြစ်မှန်းမသိဘူး” လို့ ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ ရန်ကုန်-မန္တလေးအမြန် လမ်းထောင့်မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဟာ လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က တည်ဆောက်ခဲ့တာလို့လည်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်တပ် အာဏာမသိမ်းခင် ကာလက အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်လေ့ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကြေးရုပ်မှာ အခမ်းအနား ကျင်းပခွင့်တွေကို ပိတ်ပင်လိုက်ပါတယ်။
ယခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက် ထိန်းသိမ်းဖို့ ပြောဆိုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ကြေးရုပ်တုတွေကို လိုက်လံ သိမ်းဆည်းနေတာပါ။
ပဲခူးမြို့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ ကြေးရုပ်တုကို ဖယ်ရှားခြင်းက ဗိုလ်ချုပ်ကြေးရုပ်တွေထဲ စစ်ကော်မရှင်ရဲ့ ဒုတိယမြောက် ဖယ်ရှားခံရတဲ့ ကြေးရုပ်ဖြစ်ပြီး ဘာကြောင့် ဖယ်ရှားရတယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုကို စစ်ကော်မရှင် လက်အောက်ခံတွေက ဖြုတ်ယူသွားခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်