ပေါ်တူဂီလက်ရွေးစင်နည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ မော်ရင်ညို

Author မောင်ရှမ်း
Categories
Published on Dec 16, 2022

အီတလီကလပ် ရိုးမားအသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ မော်ရင်ညိုကတော့ ပေါ်တူဂီနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးသူအဖြစ် ရှိနေခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ၈ နှစ်ကြာ လက်တွဲခဲ့တဲ့ နည်းပြ ဖာနန်ဒို ဆန်းတိုစ့်နဲ့ လမ်းခွဲခဲ့ပြီဖြစ်ပါတယ်။ ဆန်းတိုစ့်ဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ် နေးရှင်းလိဂ်ပြိုင်ပွဲတို့မှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ မော်ရိုကိုအသင်းကို ရှုံးနိမ့်ကာ အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ လစ်လပ်နေတဲ့ ပေါ်တူဂီနည်းပြရာထူးအတွက် ယူ-၂၁ နည်းပြ ရူအီ ဂျော်ဂျီက တာဝန်ယူထားမှာဖြစ်ပြီး နည်းပြသစ်ကိုတော့ အလျင်စလို ခန့်အပ်သွားဖွယ်မရှိပါဘူး။ ပေါ်တူဂီအခြေစိုက်သတင်းဌာနတွေမှာတော့ မော်ရင်ညိုကို နည်းပြအဖြစ်ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းနိုင်တယ်လို့ ရေးသားနေကြပြီး ရော်နယ်ဒိုနဲ့ မော်ရင်ညိုတို့ရဲ့ ပြန်လည်တွေ့ဆုံမှုကို မြင်ရဖို့ ရှိတယ်လို့ ဆိုကြပါတယ်။ မော်ရင်ညိုကတော့ ဒီသတင်းတွေအပေါ်မှာ ဘယ်လိုမှ တုန့်ပြန်ထားခြင်းမရှိသေးပါဘူး။

မော်ရင်ညိုဟာ ပေါ်တူဂီသားနည်းတွေထဲမှာ အအောင်မြင်ဆုံးဖြစ်ပြီး ကလပ်အသင်းတွေနဲ့အတူ ဆုဖလားအောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အခုလို နိုင်ငံအသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခြေအနေနဲ့ ကြုံကြိုက်လာချိန်မှာ လက်ခံပြီး နိုင်ငံအသင်းရဲ့နည်းပြအဖြစ် မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။