ပေါ်တူဂီမျိုးနွယ်ဖွားများနေထိုင်သည့် ချမ်းသာရွာအား စစ်တပ်က တတိယအကြိမ်မီးရှို့မှုကြောင့် ရွာလုံးကျွတ်ပြာကျ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အနောက်ခြမ်းရှိ ပေါ်တူဂီမျိုးနွယ်ဖွားများ နေထိုင်သည့် ချမ်းသာရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တတိယအကြိမ်မီးရှို့မှုကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း People’ Defense Comarade က ယနေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် ပေါ်တူဂီမျိုးနွယ်ဖွားများနှင့် ခရစ်ယာန်ဘာသာ၀င်၊ ဗုဒ္ဓဘာသာ၀င်များ အတူနေထိုင်သည့် အိမ်ခြေ ၅၀၀ကျော်မှ ၆၀၀ ခန့်ရှိသည့် ချမ်းသာကြီးရွာကို ဒီဇင်ဘာ ၁၄ရက်တွင် တတိယအကြိမ် ၀င်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ၂၀၂၂ ခုနှစ် မေခုရက်တွင် ချမ်းသာရွာကို ပထမအကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၄ လုံးခန့် မီးလောင်ပျက်ဆီးခဲ့ရကာ၊ ၂၀၂၂ ခုနှစ် ဇွန် ၇ ရက်တွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့မှုကြောင့် အိမ်ခြေ ၁၁၁ လုံး မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်တွင် တတိယအကြိမ် အင်အား အလုံးအရင်းဖြင့် ချမ်းသာရွာတောင်ပိုင်း၊ မြောက်ပိုင်း၊ ထန်းတောကုန်းအပါအ၀င် အိုးသယ်ခွက် ရပ်ကွက်တစ်ခုလုံးရှိ ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“မအလရဲ့ နောက်လိုက် အရိုးကိုက် စစ်ခွေးမိစ္ဆာများရဲ့ ယုတ်မာမှုကြီးကတော့ နှိုင်းစရာ စကားလုံး မရှိတော့လောက်အောင်ကို ယုတ်မာရက်စက်ခဲ့ကြပြန်ပြီ” ဟု People’ Defense Comarade က ရေးသားထားသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ချမ်းသာရွ-အိုးသယ်ခွက်(ဗုဒ္ဓဘာသာ) အပိုင်းမှ အပြစ်မဲ့ ပြည်သူတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- People’ Defense Comarade
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #ပေါ်တူဂီနွယ်ဖွား