ပေါင်းတည်မြို့၊ ရုပ်ဆိုင်ရွာအနီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Jan 16, 2023

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ရုပ်ဆိုင်ရွာအနီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရုပ်ဆိုင်ရွာအနီး၊ ဆတ်သေချောင်းအနားတွင် စစ်ကောင်စီ အင်အား ၃၃ ဦးပါစစ်ကြောင်းကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ ၃ မှ ဒုတပ်ခွဲမှူး လင်းယုန်ဦးဆောင်သည့် လင်းယုန်စစ်ကြောင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသည် ယင်းနေရာ၌ ပင် သေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး၊ အနီးအနားရှိ ယာတဲ ၇လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF တပ်ရင်း ၃၆၀၁၏ လင်းယုန်စစ်ကြောင်းအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်များကို ဒေသခံ PDF များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများဆောင်ရွက်နေသည့်အတွက် စစ်ကောင်စီတပ်များ နေ့စဉ်နီးပါး သေဆုံးလျက်ရှိသည်။

ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်တွင်လည်း ပဲခူးတိုင်းအခြေစိုက် PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်များကို သုံးရက်ဆက်တိုက်၊ ဒရုန်းဖြင့် ၈ ကြိမ်တိုင်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့သေးသည်။

ဓာတ်ပုံ  Bago Region PDF