ပေါင်းတည်မြို့နယ် ကျေးရွာအချို့ရှိ နေအိမ်များကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးကာ ဒေသခံများအား လူသားဒိုင်းလုပ်ဆောင်မှုကြောင့် ဒေကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်

Published on Feb 24, 2024

ပဲခူးတိုင်း ၊ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်နှင့် လက်ပံခုန် ကျေးရွာကြားရှိ တောင်သူသုံးတဲနှင့် နေအိမ်များကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှိူ့ခဲ့ပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအား ဖမ်ဆီးလုပ်ဆောင်လာမှုကြောင့် ပြည်သူကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံသတင်းရင်းများထံက သိရသည်။

ထို့အပြင် ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ကျေးရွာ အထိုင်စခန်းမှ အင်အား ၂၆ဦးပါ စစ်ကောင်စီ စစ်ကြောင်းသည် ညောင်နီပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ဒေသခံဖြစ်သူ ကိုစိုးနိုင်အား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီ ၂၂ ရက်ကလည်း မအူကွင်းရွာမှ ကိုမောင်ဝင်းဆိုသူကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CJ Platform၏ ခိုင်မာသော သတင်းရင်းမြစ်မှ ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူများအပေါ်  ပြုမူဆောင်ရွက်လာခြင်းကြောင့် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် Paungde People Defense Force- PPDF Battalion-3601 တပ်ခွဲမှ  စနိုက်ပါအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွါးခဲ့သည်။

 

“သူတို့ဘက်က သေတာတော့ သေတယ်ဗျ အလောင်းတွေကို ဘယ်ကိုဖျောက်ခဲ့လဲမသိဘူး ကျွန်တော်တို့လဲ သေချာအတည်မပြုရသေးဘူး ဘယ်နှစ်ကောင်သေလဲဆိုတာ” ဟု ခိုင်မာသော သတင်းရင်းမြစ်မှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၇ နာရီခန့်တွင် သစ်ပုတ်ကျေးရွာနှင့် လက်ပံခုန် ကျေးရွာကြားရှိ တောင်သူသုံးတဲ ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်တွင် လက်ပံခုန်ကျေးရွာအစွန်ရှိ နေအိမ် ၈ လုံးကို မီးရှို့ခဲ့ကာ အနီးဝန်းကျင် ကျေးရွာရှိ နွားနှစ်ကောင်ကိုလည်း လုယူသွားသည်ဟု သိရသည်။

 

ထို့နောက် စစ်ကောင်စီစစ်ကြောာင်းသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် PDF စနိုက်ပါအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

 

“ ပြန်တော့မပစ်ဘူးဗျ အော်ဟစ် ငိုယိုသံတွေတော့ကြားတယ် သေတဲ့အလောင်းကို မီးရှို့ခဲ့တယ် အသဲတွေတောင် မီးမကျွမ်းသေးဘူး”ဟု ဖြစ်စဉ်အား သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်သည် ညနေ ၆ နာရီခန့်တွင် အရပ်ဝတ်အမျိုးသားနှစ်ဦးအား အထုတ်အပိုးများ သယ်ဆောင်ခိုင်းကာ ပေါက်ခေါင်းမြို့နယ်ရှိ တောင်လက်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ အင်အား ၂၃ ဦးဖြင့် ဝင်ရောက်သွားခဲ့သည်။

 

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပေါက်ခေါင်းမြို့နယ်၊ ဆင်လူးကျေးရွာမှ ဆင်းလာသော စစ်အင်အား ၂၃ ဦးနှင့် ပူးပေါင်းကာ တောင်လက်ကြီးတွင် စုစုပေါင်းအင်အား (၄၆) ဦးဖြင့် တပ်စွဲထားသည့်အပြင် ဖမ်းခေါ်သွားသော အမျိုးသားနှစ်ဦးအား ဖမ်းဆီးထားပြီး ယနေ့ နံနက်ထိ ဘုန်းကြီးကျောင်းထဲမှ အပြင်သို့ မထွက်ခွါဘဲ ငြိမ်သက်နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်သည် လူနေအိမ်နှင့်တဲများကို မီးရှိူ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရပြီး စစ်ရှောင်ဦးရေမည်မျှရှိသည်ကို CJ Platform အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

 

ဓာတ်ပုံ – ပေးပို့

Related News

Depend on news