ပေါင်းတည်က စစ်ကောင်စီလုံခြုံရေးယူပေးထားသည့် ပျူခေါင်းဆောင်ကို ပစ်ခတ်၊ ထွက်ပြေးလွတ်မြောက်

Published on Mar 19, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သာလှပင်စီရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်သိန်းကို ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။

 

၎င်းသည် G3 တစ်လက်နှင့် 9MM တစ်လက်ကိုင်ဆောင်ထားပြီး စစ်ကောင်စီတပ်သားနှစ်ဦးမှ လုံခြုံရေးယူကာ နေထိုင်သူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

 

၎င်း၏နေအိမ်အတွင်း ရေချိုးနေစဉ်နှင့် လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်သားများမရှိစဉ်  ညနေ(၆)နာရီခန့်၌ ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

 

“သူလုပ်လို့ အဖမ်းခံရ ပြေးရသူတွေလည်း မနည်းဘူး။ အခုပစ်ခတ်မှုမှာ မသေဘူး။ ပေါင်ကိုတစ်ချက်၊ ဒူးကိုတစ်ချက် မှန်သွားတယ်။ အိမ်ထဲဝင်ပြီး ထွက်ပြေးသွားတာ။ သူ့မိသားစုကို ထိခိုက်မှာစိုးလို့ ပစ်ခတ်ခြင်းမပြုဘဲ နောက်ကြောင်းပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။

 

ပျူခေါင်းဆောင် ဦးမျိုးမြင့်သိန်းသည် ဒေသခံများအပေါ် စစ်ကောင်စီတပ်သား၊ ရဲသားများနှင့်ပူးပေါင်းပြီး ပျူစောထီး(ပြည်သူ့စစ်)ဖွဲ့စည်းရန် အုပ်စုအတွင်း လူငယ်များကို အဓမ္မစုဆောင်းခြင်း၊ လောင်းကစားဒိုင်များထံမှ လိုင်းကြေးကောက်ပြီးနောက် စစ်ကောင်စီထံ ထောက်ပံ့ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

“သူက ပျူခေါင်းဆောင်။ လောင်းကစားဝိုင်းတွေက ဆက်ကြေးကောက်တယ်။ ညဘက်ငါးရှဉ့်ရှာသူတွေဆို သူ့ကို တစ်နေ့ကို နှစ်ထောင်ပေးမှထွက်ရတယ်။ ဘယ်သူက ထောက်ပို့ လုပ်တယ်ဆိုတာတိုင်တယ်။ သူ့အိမ်မှာ နှစ်ကောင်(စစ်ကောင်စီတပ်သားနှစ်ယောက်) အမြဲနေပြီး အစောင့်နေပေးတယ်” ဟု ၎င်းက ပြောသည်။

 

၎င်းပစ်ခတ်ခံရမှုကြောင့် ကျေးရွာတွင်းတွင် ပေါင်းတည်မြို့ပေါ်ရှိ ရဲများက ဆင်း၍ အစစ်ဆေးကြမ်းနေပြီး မြို့နယ်မှူးမှ လာရောက်စစ်ဆေးမည်ဟု ကြားသိရကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

 

“မနေ့က ကလေးတွေကအစ ဒူးထောက်ထိုင်ခိုင်းတယ်။ ပေါင်းတည် အုတ်တွင်းကုန်းက လာဆင်းပြီး ပစ်ခတ်တယ်လို့ သူ(ပျူခေါင်းဆောင်)က ဖြောင့်ချက်ပေးထားတယ်” ဟု ၎င်းက ပြောသည်။

 

ပစ်ခတ်ခံရသူ ဦးမျိုးမြင့်သိန်းကို မတ်လ ၁၇ ရက် ည ၇ နာရီခန့်တွင် လူနာတင်ကားဖြင့် ပြည်ဆေးရုံသို့ခေါ်ဆောင်သွားပြီး ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ရွှေတောင်မြို့နယ် ကုတင် ၁၀ဝ စစ်ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

 

ယင်းလှုပ်ရှားမှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၄ က ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။