ပေါင်းခေါင်းက စစ်မှုထမ်းရန် ဖိအားပေးနေသည့် အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

Published on Mar 27, 2024

ရပ်ကွက်နေပြည်သူများကို စစ်မှုထမ်းရန် ဖိအားပေးဆောင်ရွက်နေသော ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ မတ် ၂၆ ရက် ည ၈ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၂ PDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်းနှင့် ဘာမြူဒါတပ်ပေါင်းစုအဖွဲ့တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုကို အတည်ပြုနိုင်ရန်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

“အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ပြည်သူတွေက တိုင်ကြားလို့ အရေးယူဆောင်ရွက်ခဲ့ရတာပါ။ လက်ရှိ စစ်မှုထမ်းဖို့ ပြည်သူအပေါ် ဖိနှိပ်မှုများလာတဲ့ ပြည်ခရိုင်အတွင်းက စစ်ကောင်စီဒေါက်တိုင်မည်သူမဆို ပြတ်ပြတ်သားသား ချေမှုန်းသွားမှာပါ” ဟု ပြည်ခရိုင် ၃၆၀၂ PDFတပ်ရင်း သတင်းတာဝန်ခံက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ယနေ့ မတ် ၂၇ ရက် နံနက် ၄ နာရီခန့်က ပေါက်ခေါင်း မြို့မရဲစခန်းဝန်းအတွင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့သော်လည်း ချို့ယွင်းချက်ဖြစ်ပြီး ပေါက်ကွဲမှုမဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

 

ထိုနောက် နံနက်ပိုင်း(၈)နာရီအချိန်ခန့်တွင် ပေါက်ကွဲမူမရှိသော မိုင်းတွေ့၍ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာဖြင့် စစ်ဆေးရေးများ လုပ်ဆောင်နေသည်ဟု သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်မှု့ထမ်းရန် အဓမ္မ ဖိအားပေးလုပ်ဆောင်နေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပျူစောထီးများကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ပြည်ခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြည့်စွက်ပြောဆိုသည်။