ပေါက် ကပစ-၂၄စက်ရုံ ပစ်ခတ်တိုက်ခိုက်ခံရ အဆောက်အဦအချို့ ပျက်စီး

Author မင်းထက်
Categories
Published on Apr 05, 2024

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၄) ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စက်ရုံအဆောက်အဦအချို့ မီးလောင်ပျက်စီးသွားကြောင်း ၊ တိုက်ခိုက်မှုကြောင့် အနီးအနား၀င်ကျင်များတွင် စစ်ကြောင်းထွက်၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိနေကြောင်း  Freedom Revolution Force (FRF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

ဧပြီ ၂ ရက် ညနေ ၆နာရီ ၁၅မိနစ်ခန့်တွင်  ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၄)အား ၁၀၇ မမ ရှော့တိုက်ဒုံး (၅)လုံး၊ ၁၀၀ မမ Drop Bomb (၄)လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စက်ရုံထိမှန်ခဲ့ပြီး အထိအခိုက် အပျက်အစီးများပြားကြောင်း Freedom Revolution Force (FRF)အဖွဲ့က ပြောသည်။

 

“သူတို့ရဲ့ ထုတ်လုပ်ရေးလုပ်တဲ့စက်ရုံ ပျက်စီးတယ်ဗျ။ ဒီဟာက လက်နက်တွေ ထုတ်လုပ်တဲ့ဟာဆိုတော့ လုံခြုံရေးလဲ တင်းကြပ်ထားတဲ့ဟာဆိုတော့ သူတို့တွက် အရေးပါတဲ့ နေရာတစ်ခုပါ။ အဲ့ဒီဘက်ကို လျှပ်စစ်မီးသွားတဲ့ ခွဲရုံ ပျက်ဆီးတယ် ၊ လျှပ်စစ်မီးမရတော့ပါဘူးဗျ။ သူတို့လက်နက်ကြီးတွေပစ်တယ် ၊ ပြီးတော့ ဒီကနေ့မှာလဲ စက်ရုံနားအနီးတ၀ိုက် စစ်ကြောင်းတွေထွက် ရှင်းလင်းရေးပုံစံမျိုးတွေ လုပ်နေတာ ရှိတယ်ဗျ” ဟု Freedom Revolution Force (FRF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

စစ်ကောင်စီ၏ ထိခိုက်မှု အခြေနေများနှင့်ပက်သက်၍ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ယင်းတိုက်ခိုက်မှုကို Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့-၂၊ ​ပေါက်မြို့နယ်ပကဖ၊ ဗိုလ်လရောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

FRF အထူးတာဝန်တပ်ဖွဲ့သည် စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏အရေးကြီးနေရာများအား တိုက်ခိုက်လျှက်ရှိကြောင်း ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ပေါက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အထက်ပါ ကပစ ၂၄ လက်နက်စက်ရုံမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ်ကလေးတဦး သေဆုံးခဲ့ကြောင်းသိရသည်။

 

ရုပ်သံ – Freedom Revolution Force (FRF)