ပေါက်တောမြို့မရဲစခန်းကို AA တိုက်ခိုက်စဉ်ခဏအတွင်း စခန်းမှူးအပါအဝင် ရဲ ၃၀ ဦး လက်နက်ချအညံ့ခံ၍ အလွယ်တကူသိမ်းပိုက်

Author ခေတ်နီ
Categories
Published on Nov 16, 2023

ရခိုင်ပြည် ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)မှ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ထိုမြို့မရဲစခန်းကို AA မှ ယမန်နေ့ ညသန်းခေါင်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲခဏတာဖြစ်ပွားပြီးနောက် ရဲစခန်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့၍ အလွယ်တကူသိမ်းပိုက်နိုင်ခဲကြောင်း သိရသည်။

 

ထိုသို့လက်နက်ချအညံ့ခံခဲ့သော စခန်းမှူးအပါအဝင် ရဲတပ်သား ၃၀ ဝန်းကျင်ကို ရက္ခိုင့်တပ်တော်မှထိန်းသိမ်းထားကြောင်း သိရသည်။

ထိုသို့မြို့မရဲစခန်းအသိမ်းခံရပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ပေါက်တောမြို့နယ်ကို ရဟတ်ယာဥ်သုံးစင်းဖြင့် လာရောက်ပစ်ခတ်နေ​ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

” အခုကတော့ငြိမ်သွားပါတယ်။ အသံတွေတော့ ကြားနေရတာ လေးခေါက်လောက်အထိရှိတယ်။ခေါက်တုံ့ခေါက်ပြန်ပစ်တာ ” ဟု ပေါက်တောမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

 

လက်ရှိတွင် ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်မှထိန်းချုပ်ထားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံနှင့် လူထိခိုက်မှုရှိ၊ မရှိကိုတော့CJ Platform မှ စုံစမ်းဆဲဖြစ်သည်။