ပေါက်တောမြို့ကို စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်လျက်ရှိ

Author အဂ္ဂ
Categories
Published on Dec 14, 2023

ရက္ခိုင်ပြည် ပေါက်တောမြို့ကို စစ်တွေမြို့ရှိ စစ်ကောင်စီ၏  အမှတ် (၁၂) ရဲတပ်ရင်းမှ ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) ည (၈) နာရီခန့်မှ စတင်ကာ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ည (၈) နာရီ (၄၅) မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်နေ့တွင် ပေါက်တောမြို့မ ရဲစခန်းမှ ရဲအင်အား (၃၀) ကျော်သည် ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချ အလင်းဝင်ရောက်ပြီးသည့်နောက် အဆိုပါ ရဲစခန်းကို ရက္ခိုင့်တပ်တော်က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်း၊ ရေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မြို့အတွင်းဝင်ရောက်လာသည့်အတွက် ရက္ခိုင့်တပ်တော်က ဆုတ်ခွာပေးလိုက်ရသည်။ ထိုနေ့မှစတင်ကာ စစ်ကောင်စီတပ်များသည် ပေါက်တောမြို့အတွင်း စခန်းချ တပ်စွဲကာ မြို့တွင်းရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ အချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ဓားစာခံများကို ဖမ်းဆီးထားခဲ့ခြင်းလည်းဖြစ်သည်။

 

ရက္ခိုင့်တပ်တော်ကလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးထားခြင်းခံရသည့် ဓားစာခံများကို ကယ်တင်ရန် ကြိုးပမ်းရာမှ စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ (၂၁) ရက်တွင် ဓားစာခံ (၁၂၀) ဦး၊ နိုဝင်ဘာ (၂၂) ရက်တွင် ဓားစာခံ (၁၀၄) ဦး ကယ်ထုတ်နိုင်ခဲ့ပြီး နိုဝင်ဘာ (၂၈) နှင့် ဒီဇင်ဘာ (၁) ရက်တို့တွင်လည်း အရေအတွက် အတိအကျမဖော်ပြထားသည့် ဓားစာခံအချို့ကိုထပ်မံကယ်ထုတ်နိုင်ခဲ့သေးသည်။

 

ရက္ခိုင့်တပ်တော်၏ ဓားစာခံကယ်ထုတ်ရေး စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနှင့် ပေါက်တောမြို့အနီးရှိ စခန်းကုန်းများမှ လက်နက်ကြီးများ၊ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယခုလက်ရှိတွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏  အမှတ် (၁၂) ရဲတပ်ရင်းမှ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။