ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တစ်ဦးသေဆုံး

Published on Feb 19, 2024

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီလ (၁၆)ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရသိရသည်။

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်မှညောင်ဝန်းကားလမ်းဘက်သို့လာသော လက်နက်အပြည့်အစုံပါ(၆)ဦး ၊ ရှေ့ပွိုင့်ဆိုင်ကယ်(၃)စီးနှင့် probox ကား(၁)စီးအား ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၂ PDF)တပ်ရင်းတပ်ခွဲ(၃)တပ်စု(၂)အဖွဲ့နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁PPDF)တပ်ရင်း တပ်ခွဲ (၅) တောဘုရင်အဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၁၆)ရက်၊ နံနက်(၉)နာရီခန့်တွင် ညောင်ဝန်းကားလမ်းတစ်နေရာ၌ ပတ်လည်မိုင်း (၂) လုံးစွဲ၍ တိုက်ခိုက်ခဲ့ရာ (၁)ဦး သေဆုံးပြီး (၂) ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ မှ ထုတ်ပြန်ချက်အရသိရသည်။

 

“အနီးအနားကရွာတွေကို တော့ရမ်းသမ်းပစ်ခတ်တာတွေရှိတယ် အဲ့နားက ရွာကျဲတော့ လယ်ကင်းတဲတွေပဲရှိတော့ လူထိခိုက်သေဆုံးတာတော့မရှိဘူး တိုက်ပွဲဖြစ်ပြီး တစ်နာရီကြာတော့ အောင်အောင်မြင်မြင်နဲ့ဆုတ်ခွာခဲ့နိုင်တယ်” ဟု ပြည်ခရိုင်၊ ၃၆၀၂ တပ်ရင်းရှိသတင်းတာဝန်ခံ မှ CJ Platform သို့ပြောသည်။

 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသော စစ်ကောင်စီတပ်သားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ပေါက်ခေါင်းဘက်ကားနှင့်ပြန်လည်သယ်ယူသွားပြီး အနီးအနားကို ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုမဖြစ်ပေါ်ခင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ကလဲ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးကျေးရွာတွင် အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။