ပေါက်ခေါင်းတွင် သုံးရက်ဆက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေ

Published on Mar 02, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဖေဖေါ်ဝါရီ ၂၈ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ခေတ္တတပ်စွဲထားသော (၆၆) ပြည်ခြေမြန်တပ်ရင်းနှင့် ကပစ (၁၉) မှစစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရွာပြင်သို့ အင်အား လေးဦးဖြင့် ကင်းထွက်လာချိန် ၃၆၀၁ PPDF တပ်ရင်း နှင့် တပ်ခွဲ ၁ တို့မှ ရွာ၏ အနောက်ဘက်၌ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး ထိမှန် သေဆုံးခဲ့ပြီး ၆ နာရီကျော်ခန့်တွင် ရွာထဲသို့ အ‌လောင်းပြန်သယ်သွားသည်ဟု PPDF သတင်းတာဝန်ခံမှ CJ Platform သို့ပြောသည်။

 

ထပ်မံ၍ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ရွာ အနောက်ဘက်သို့ ကင်းရှည်ထွက်လာသော စစ်ကောင်စီတပ်သား အင်အား ၁၅ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး ၃ နာရီခွဲခန့်တွင် အလောင်းများကို ရွာထဲသို့ ပြန်လည်သယ်ဆောင်သွားပြီး ညနေ ၆ နာရီခန့်တွင် ရွာထဲတွင် မအိပ်ရဲတော့ပဲ ရွာအနောက်မြောက်ဘက် တောင်ကြောပေါ်ရှိ ဝါးရုံတောအတွင်းသို့ စစ်ကြောင်းပြောင်းရွေ့ရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများနှင့် ရွာအထွက်တွင် ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် တစ်နာရီခန့်ကြာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ မှ CJ Platform သို့ ပြောသည်။

 

“ စခတွေက ရွာထဲ တပ်စွဲထားတာပေါ့ အပြန်အလှန်တွေ ပစ်ကြတာ ၄၀ မမ ၆၀ မမတွေနဲ့ ရွာပြင်ကို ကင်းလာပတ်လို့ပစ်တာ ရွာထဲမှာ ညတော့ မအိပ်ရဲဘူး ရွာအနောက်ဘက်က တောင်ကြောပေါ်က ဝါးရုံတွေထဲ သွားအိပ်တာ ၂၈ ရက် နဲ့ ၂၉ ရက် နှစ်ရက်ထဲတင် တိုက်ပွဲက သုံးကြိမ်ဖြစ်တာ ” ဟု ယင်းတာဝန်ခံမှ ပြောသည်။

 

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ ပြီး တစ်ဦးမှာ လက်နက်ကြီးထိမှန်၍ ပြင်းထန်စွာ( အသက်အန္တရာယ်မစိုးရိမ်ရ) ရခဲ့သည်ဟု လည်း ယင်းတာဝန်ခံမှ ဖြည့်စွက်ပြောကြားသည်။

 

ထို့နောက် မတ်လ (၁) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အောင်သပြေရွာ၏ အ‌နောက်မြောက်ဘက်ရှိ တောင်ကြောတန်း ဝါးရုံတောအတွင်း ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများနှင့် ၃၆၀၁ PPDF တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ(၃)၊ ရွှေတောင်-ပေါက်ခေါင်း(ပကဖ) တို့ မှ ညနေ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဆက်လက်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ စစ်သား နှစ်ဦး နေရာမှာတင်သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့သည်ဟုလည်း ယင်းတာဝန်ခံမှ ပြောသည်။

 

“ သူတို့က အောင်သပြေထဲကို မဆင်းရဲတော့ဘူး အဲ့ကိုသွားတိုက်တာပေါ့ ကျွန်တော်တို့က အလောင်းတွေကိုတော့ မြေမြုပ်တယ် ထင်တယ် မီးရှို့တာတော့ မမြင်ဘူး ၆၀ မမ လက်နက်ကြီးနဲ့ ရွာထဲကို နှစ်ကြိမ်ပစ်တာ အိမ်ထိတာတွေတော့ ရှိတယ် ကျွန်တော်တို့လဲ မရှင်းရသေးတော့ မသိသေးဘူး ဘယ်လောက် ပျက်စီးဆုံးရှုံးသွားတာတော့ မသိဘူး” ဟု သတင်းတာဝန်ခံမှ ပြောသည်။

 

ပေါက်ခေါင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – PPDF