ပေါက်ခေါင်းတွင် စစ်မှုမထမ်းပါက ပိုင်ဆိုင်မှုများသိမ်းကာ ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်

Published on Mar 20, 2024

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူများကို စစ်မှုထမ်းရန် ဖိအားပေးနေပြီး စစ်မှုမထမ်းပါက ပိုင်ဆိုင်မှုများသိမ်းကာ ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

 

မတ် ၁၈ရက်နေ့တွင် ပေါက်ခေါင်း ၅၃ တပ် မှ စစ်သားငါးယောက်၊ပေါက်ခေါင်းစခန်းမှူးနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း (၈) ဦးဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပြည်သူများကို လိုက်လံဖိအားပေးကာ စစ်မှုမထမ်းပါက ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများချိပ်ပိတ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး ပြောင်းနိုင်ပါက တစ်မိသားစုလုံးပြောင်းရန် ၅၃ တပ်မှ စစ်ဗိုလ်တစ်ဦးက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း  ပေါက်ခေါင်းဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

ပေါက်ခေါင်းမြို့ပေါ်ရှိ အမှတ်(၄) ရက်ကွက်၊ အမှတ်(၅) ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူး ကိုကရင်နှင့် ကိုဆင်ပေါက်တို့က မတ်လ (၁၉) ရက်နေ့တွင် နောက်ဆုံးထား၍ စစ်မှုထမ်းဖောင်များကို ဖောင်ဖြည့်ရန် ရပ်ကွက်နေ ပြည်သူများကို ဖိအားပေးနေသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“သူတို့မှာရပ်ကွက်က စာရင်းတွေရှိတယ်ဗျ။ တစ်အိမ်တက် တစ်အိမ်ဆင်း သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ မထိုးမနေရတဲ့ ၁၉ ရက်နေ့က နောက်ဆုံးထားပြီး ဖောင်ဖြည့်ရမယ်။ စစ်တပ်ထဲဝင်တဲ့ဖောင်တွေကို မဖြည့်မနေရ နောက်ဆုံးနေ့မှာ မဖြည့်ဘူးဆိုရင် ဆင့်ခေါ်စာလာမယ်။ အဲ့လိုအနုနည်းနဲ့မှ မရရင် အကြမ်းနည်းနဲ့လာမယ်လို့ ပြောတယ်” ဟု အဆိုပါရပ်ကွက်များနေ ပြည်သူတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ စစ်မှုထမ်းရန် နာမည်စာရင်းပါသူများမှ အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး မိဘများမှာ စိုးရိမ်သောက ဖြစ်နေရကြောင်းသိရသည်။