ပေါက်ခေါင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်သား နှစ်ဦးထပ်သေ
စစ်ရေးတင်းမာနေသော ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသော ပြည်မြို့ ခမရ ၆၆ နှင့် ကပစ ၁၉ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းနှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-၃၆၀၁ ထံမှ သိရသည်။
“စစ်ကောင်စီ ခဏတပ်ဆွဲထားတဲ့နေရာကို ကျွန်တော်တို့ အလစ်ဝင်ရောက်တိုက်ခိုက်တာပေါ့။ သူတို့ဘက်က စစ်ကြောင်းထိုးပြီး မီးရှို့လာတော့ ဝင်ရောက်တိုက်ခိုက်တဲ့အခါ စခနှစ်ကောင်သေတယ်။ နှစ်ကောင် ဒဏ်ရာရတာ ကျွန်တော်တို့ မျက်မြင်တွေ့ရတယ်” ဟု PPDF ၃၆၀၁ တပ်ရင်း၏ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောသည်။
နာရီဝက်ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးအလောင်းများနှင့်အတူ လှည်းကူးဘုန်းကြီးကျောင်းအတွင်းသို့ ပြည်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ထို့နောက် ဆက်လက်၍ စစ်ကောင်စီတပ်သည် ဖလံပင်ရွာရှိ တောင်သူသုံးတဲ ၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက CJ Platformသို့ ပြောသည်။
ယင်းစစ်ကြောင်းက ၄၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သည် အင်အား (၄၀)ခန့်ထပ်မံဖြည့်တင်းကာ အနီးရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုး တိုက်ခိုက်နေသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီခန့်က ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးအုပ်စု၊ ကိုင်းဖျားတဲစုအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။