ပေကျင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ကတိပြု

Author အဂ္ဂ
Categories
Published on Mar 24, 2024

မြောက်ကိုရီးယားသည် COVID-19 ကြောင့် ပိတ်ဆို့မှုများပြီးနောက်တွင် ၎င်း၏ သံတမန်ဆက်ဆံရေးကို တိုးချဲ့ရန် ကြိုးပမ်းနေသည့်အ‌နေဖြင့် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ကာ တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် ပေကျင်းတွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် KCNA က ဖော်ပြခဲ့သည်။

 

ကြာသပတေးနေ့(မတ် ၂၂ရက်) တွေ့ဆုံမှုတွင် တရုတ်နိုင်ငံ၏ စတုတ္ထအဆင့် ခေါင်းဆောင် ဝမ်ဟူနင်  (Wang Huning) က “နိုင်ငံတကာ အခြေအနေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ နှစ်နိုင်ငံစလုံးရဲ့ ဗျူဟာမြောက် ရွေးချယ်မှုဖြစ်တဲ့ တရုတ်- မြောက်ကိုရီးယား ချစ်ကြည်ရေးဟာ ဘယ်တော့မှ မယိမ်းယိုင်ပါဘူး” ဟု ပြောဆိုခဲ့ပြီး  မြောက်ကိုရီးယား နိုင်ငံအမည်ကိုလည်း တရားဝင်အမည်ဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်ဟု KCNA သတင်းဌာနတွင် ဖော်ပြထားသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) နှင့် တရုတ်သမ္မတ ရှိကျင့်ဖျင် (Xi Jinping) တို့သည် ယခုနှစ်အစောပိုင်းတွင် တွေ့ဆုံခဲ့ကြပြီး ပိုမိုနီးကပ်သောဆက်ဆံရေး ဖော်ဆောင်ရန် ကတိပြုခဲ့ကြသည်။

 

ကြာသပတေးနေ့အစည်းအဝေးတွင် ဝမ် သည်  သမ္မတရှီ၏  “လှိုက်လှဲနွေးထွေးလှသော” အမှာစကားကို ကင် ထံသို့ သယ်ဆောင်ပြောကြားခဲ့သည်ဟုလည်း KCNA က ဖော်ပြထသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးဗျူရို၏ အလှည့်ကျအဖွဲ့ဝင်နှင့် အာဏာရပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာဌာန ညွှန်ကြားရေးမှူးလည်းဖြစ်သူ ကင်ဆောင်နမ် (Kim Song Nam) သည် ယခုသီတင်းပတ်အတွင်း အာရှနိုင်ငံများသို့ သွားရောက်လည်ပတ်သည့် ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်အဖြစ် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းတစ်ပါး နိုင်ငံရေးပါတီများနှင့် ဆက်ဆံသည့်ကိစ္စများကို စီမံခန့်ခွဲသည့်အပိုင်းကို ဦးဆောင်ကာ တာဝန်ယူဆောင်ရွက်နေသော လျိုကျန်းချောင် (Lou Jianchao) နှင့်လည်း ဆွေ့ဆုံခဲ့သေးသည်။

 

ဓာတ်ပုံ – Korean Central News Agency (KCNA)

ပုံစာညွှန်း – တရုတ်သမ္မတ ရှိကျင့်ဖျင်သည် (၂၀၁၉) ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းသို့ သွားရောက်ကာ ကင်ဂျုံအန်းနှင့် တွေ့ဆုံစဉ်

ကိုးကား – Reuters

Related News

Depend on news